Isaiah 63
63:1 တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှ လာသောဤသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။
63:2 ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ်ကြောင့် တူပါသနည်း။
63:3 စပျစ်သီးကို ငါတစ်ယောက်တည်း နင်းနယ်ရပြီ။ လူများအထဲက တစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။
63:4 အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနုတ်သော သူတို့၏နှစ်သည် ရောက်လာပြီ။
63:5 ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက်သည် ကိုယ်အဖို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။
63:6 လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာသွန်ပြီ။
63:7 ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသောအရာ အလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။
63:8 အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို ကယ်နုတ်တော်မူ၏။
63:9 အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော် ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
63:10 သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။
63:11 ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သောဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊
63:12 မောရှေ၏လက်ယာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှာ၊ သူတို့ရှေ့မှာ ရေကိုခွဲသဖြင့်၊
63:13 လွင်ပြင်၌ မြင်းကိုနှင်သကဲ့သို့၊ အဆီးအတားမရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသောဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။
63:14 ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှာ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
63:15 ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော်အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။
63:16 အာဗြဟံသည် အကျွန်ုပ်တို့ကို မသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနုတ်သောဘုရား ဖြစ်တော်မူ၏။
63:17 အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွှဲစေတော်မူသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။
63:18 ကိုယ်တော်၏သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်းကြသည်ဖြစ်၍၊
63:19 အကျွန်ုပ်တို့သည် ကိုယ်တော် မအုပ်စိုးဖူးသော သူကဲ့သို့လည်းကောင်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဖူးသော သူကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။