Isaiah 66
66:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံ ဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဖို့တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာအရပ် ဖြစ်မည်နည်း။
66:2 ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင် ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
66:3 တစ်ဖန် မိန့်တော်မူသည်ကား၊ နွားကိုသတ်သောသူသည် လူကိုသတ်သောသူနှင့် တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကို ဖြတ်သောသူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့် တူ၏။ လောဗန်ကို မီးရှို့သောသူသည် ရုပ်တုကို ကောင်းချီးပေးသောသူနှင့် တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိအလိုရှိရာလမ်းကို ရွေးကြ၏။ မိမိဆိုးညစ်သော အမှုတို့၌ မွေ့လျော်ကြ၏။
66:4 ငါသည်လည်း၊ သူတို့ဖို့ ဘေးဥပဒ်များကို ရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသောအကျင့်ကို ကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
66:5 ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့် နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည် သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြလိမ့်မည်။
66:6 မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုးအပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏ စကားသံပေတည်း။
66:7 ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို မခံမီ သားကိုဖွား၏။ ဝေဒနာခံချိန်မရောက်မီ သားယောက်ျားကို မြင်၏။
66:8 ထိုသို့သောအမှုကို အဘယ်သူသည် ကြားဖူးသနည်း။ ထိုသို့သောအမှုတို့ကို အဘယ်သူသည် မြင်ဖူးသနည်း။ တိုင်းနိုင်ငံကို တစ်နေ့ချင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သား အပေါင်းတို့ကို တစ်ပြိုင်နက် ဖွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဖွားမြင်ပါသည်တကား။
66:9 သားဖွားမည်အကြောင်းကို ငါသည် စီရင်ပြီးမှ၊ မဖွားစေဘဲနေရမည်လောဟု ထာဝရဘုရား မေးတော်မူ၏။ ငါသည်ပဋိသန္ဓေပေးပြီးမှ၊ မဖွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင် မေးတော်မူ၏။
66:10 ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင်မြို့အတွက် စိတ်မသာညည်းတွားသော သူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
66:11 သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
66:12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ချမ်းသာကိုလည်းကောင်း၊ စီးသောရေကဲ့သို့ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုလည်းကောင်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
66:13 အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာရကြလိမ့်မည်။
66:14 ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့သည် စိမ်းလန်းသောအပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အားလည်းကောင်း၊ အမျက်တော်သည် ရန်သူတို့အားလည်းကောင်း ထင်ရှားလိမ့်မည်။
66:15 ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကိုလည်းကောင်း၊ မီးလျှံအားဖြင့် ဆုံးမတော်မူခြင်းကိုလည်းကောင်း ထင်ရှားစွာပြခြင်းငှာ၊ လေပွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော်မူလိမ့်မည်။
66:16 ထာဝရဘုရားသည် မီးနှင့်ဓားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရဘုရား ကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။
66:17 တစ်ဖန် မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက်သား၊ ရွံရှာဖွယ်သောအရာကိုစားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတစ်ယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တစ်ပြိုင်နက်ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့်တို့ကိုလည်းကောင်း အကြံအစည်တို့ကိုလည်းကောင်း ငါသိ၏။
66:18 အချိန်တန်မှ ဘာသာစကားခြားနားသော လူအမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည်လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။
66:19 ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကို မမြင်၊ ဝေးစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တစ်ပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
66:20 ဣသရေလအမျိုးသားတို့သည် စင်ကြယ်သောဖလား စသည်တို့နှင့်၊ ပူဇော်သကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုတ်ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဖို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
66:21 ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ်အရာနှင့် လေဝိလူအရာ၌ ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
66:22 ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
66:23 လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
66:24 ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည် မသေနိုင်ရာ။ သူတို့၏မီးသည်လည်း မငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဖွယ် ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ပရောဖက်ဟေရှာယ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။