Isaiah 65
65:1 ငါ့ကို မမေးမလျှောက်သော သူတို့၏စကားကို ငါနားထောင်ပြီ။ ငါ့ကို မရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ။ ငါ့ကို ကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပတ္ထနာမပြုသော လူမျိုးအား ငါပြောဆိုပြီ။
65:2 မိမိအလိုအတိုင်း မကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။
65:3 ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကိုမီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။
65:4 သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကိုစား၍၊ ရွံရှာဖွယ်သော အမဲသားပြုတ်ရည်ကိုသောက်တတ်၏။
65:5 သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့လည်းကောင်း၊ အစဉ်လောင်သော မီးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
65:6 ငါ့ရှေ့မှာ စာရင်းမှတ်လျက် ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။
65:7 သင်တို့၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ဘိုးဘေး၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ် သူတို့ပြုဖူးသော အကျင့်တို့၏အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
65:8 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကိုတွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏အကျိုးအလိုငှာ ငါပြုမည်။ အကုန်အစင် မဖျက်။
65:9 ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။
65:10 ငါ့ကိုရှာသော ငါ၏လူတို့အဖို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ် ဖြစ်လိမ့်မည်။
65:11 သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူ၊ ဂါဒဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သကာကို ပြင်သောသူဖြစ်ကြ၏။
65:12 သင်တို့ကို ငါရေတွက်၍၊ ဓား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သောအခါ မထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
65:13 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက်ကြောက်ကြလိမ့်မည်။
65:14 ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။
65:15 သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဖို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။
65:16 မြေကြီးပေါ်မှာ မိမိကိုမိမိ ကောင်းချီးပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။
65:17 ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။
65:18 ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။
65:19 ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန် မကြားရ။
65:20 ထိုမြို့၌ အသက်ငယ်သောသူငယ် မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တစ်ရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။
65:21 ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။
65:22 သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။
65:23 ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။
65:24 ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။
65:25 တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။