Jeremiah 1
1:1 ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်း နန်းစံဆယ်သုံးနှစ်တွင်လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၌လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိမင်း နန်းစံဆယ်တစ်နှစ်စေ့၍ ပဉ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည် တိုင်အောင်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသား ယဇ်ပုရောဟိတ်ယေရမိစကားမှာ၊
1:4 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊
1:5 သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဖွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဖို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
1:6 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊
1:7 ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။
1:8 သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
1:9 လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။
1:10 ကြည့်ရှုလော့။ သင်သည် နုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
1:11 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည် အဘယ်အရာကိုမြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကိုမြင်ပါ၏ဟု လျှောက်သော်၊
1:12 ထာဝရဘုရားက၊ သင်သည် မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကိုပြည့်စုံစေခြင်းငှာ၊ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။
1:13 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊
1:14 ထာဝရဘုရားက၊ မြောက်မျက်နှာဘက်က ဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။
1:15 အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌လည်းကောင်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌လည်းကောင်း၊ ယုဒမြို့ရွာအလုံးစုံတို့၌လည်းကောင်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။
1:16 ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသောဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့သောအပြစ်၊ မိမိတို့လက်ဖြင့် လုပ်သောအရာကို ကိုးကွယ်သောအပြစ် ရှိသမျှတို့ကြောင့်၊ သူတို့ကိုငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။
1:17 သို့ဖြစ်၍ သင်သည် ခါးပန်းကိုစည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။
1:18 ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တစ်နိုင်ငံလုံး တစ်ဖက်၌၊ ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ငါခန့်ထား၏။
1:19 သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နုတ်ခြင်းငှာ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။