Jeremiah 2
2:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည် ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊
2:2 အော်ဟစ်ရမည်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သောတောအရပ်၌ သင်သည် ငါ့နောက်သို့ လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကိုလည်းကောင်း၊ ထိမ်းမြားပေးစားခြင်းနှင့် ယှဉ်သော ချစ်ခြင်းမေတ္တာကိုလည်းကောင်း ငါအောက်မေ့၏။
2:3 ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ စီးပွားတော်အဖို့ အဦးသီးသော အသီးဖြစ်၏။ သူတို့ကို လုယူသောသူ အပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
2:4 အို ယာကုပ်အမျိုးနှင့် ဣသရေလအမျိုးအနွယ်အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
2:5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက် ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
2:6 သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ တောတစ်လျှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူ မရှိသော ပြည်တစ်လျှောက်လုံးသို့ ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။
2:7 ဝပြောသောပြည်၏အသီးအနှံ ဆီဥဆီကြည်ကိုစားစေခြင်းငှာ သင်တို့ကို ငါဆောင်သွင်း၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံရှာဖွယ်ဖြစ်စေကြသည်တကား။
2:8 ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့ သည် ငါ့ကိုပြစ်မှားကြ၏။ ပရောဖက်တို့သည် ဗာလကိုအမှီပြု၍ ဟောပြောလျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။
2:9 ထိုကြောင့်၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
2:10 ခိတ္တိမ်ကျွန်းတို့သို့ ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။
2:11 အခြားတစ်ပါးသောလူမျိုး ကိုးကွယ်သောဘုရားသည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဖူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သော အရာဖို့ မိမိတို့ဘုန်းကို ပြောင်းလဲကြပြီတကား။
2:12 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို မိုးကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီးမွေးညင်း ထသည်တိုင်အောင် ထိတ်လန့်လျက်နေကြလော့။
2:13 ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။
2:14 ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သားပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း။
2:15 ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။
2:16 နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။
2:17 သင့်ကို ပို့ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့သောအပြစ် ရောက်သည် မဟုတ်လော။
2:18 ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက်အံ့သောငှာ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှာ၊ အာရှုရိလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။
2:19 သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
2:20 ရှေးကာလ၌ သင်ထမ်းရသောထမ်းပိုး၊ သင်၌ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲနေပါမည်ဟု ကတိထားသော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း၊ ကိုယ်ကိုချ၍ ပြည့်တန်ဆာလုပ်လေ၏။
2:21 အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ်ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း၊ သင်သည် ငါ့ရှေ့မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွယ်ပင် ဖြစ်ပါသည်တကား။
2:22 သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
2:23 သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့နောက်သို့ မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သောလမ်းကို ကြည့်ရှုလော့။ သင်ပြုသောအမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာပြေး၍ လှည့်လည်တတ်သော ကုလားအုတ်မ ပါတကား။
2:24 တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက်သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့သောငှာ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့သောအခါ သူ့ကိုတွေ့လိမ့်မည်။
2:25 သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်းအကြောင်းကို မပြုနှင့်ဟု ဆိုသော်လည်း၊ သင်က မျှော်လင့်စရာမရှိ၊ အလျှင်းမရှိ။ သူတစ်ပါးတို့ကို ငါချစ်၍၊ သူတို့နောက်သို့ လိုက်မည်ဟု ပြန်ပြော၏။
2:26 ဖမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။
2:27 သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍လည်းကောင်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဖွားမြင်တော်မူပြီ ဟူ၍လည်းကောင်းဆိုလျက်၊ စင်စစ် ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။
2:28 ကိုယ်အဖို့ သင်လုပ်သောဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့သည် တတ်နိုင်လျှင် ထ၍ ကယ်ကြပါလေစေ။ အို ယုဒပြည်၊ သင်သည် မြို့များအရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများ ရှိပါသည်တကား။
2:29 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အဘယ်အကျိုးအလိုငှာ ငါနှင့် တရားတွေ့ကြမည်နည်း။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ။
2:30 ငါသည် သင်တို့သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ဓားသည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကိုဖျက်ဆီးလေပြီ။
2:31 ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလအမျိုး၌ တောကဲ့သို့လည်းကောင်း၊ မှောင်မိုက်နိုင်ငံကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည်မည်။ ကိုယ်တော်ထံသို့ နောက်တစ်ဖန် မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
2:32 အပျိုမသည် မိမိ၌ဆင်သော တန်ဆာကိုလည်းကောင်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကိုလည်းကောင်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ။
2:33 သင်သည် ရည်းစားကိုရှာခြင်းငှာ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။
2:34 ထိုမှတစ်ပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။
2:35 ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏အမျက်တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြောစီရင်မည်။
2:36 သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှာ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည်ကို ရှက်ကြောက်လိမ့်မည်။
2:37 သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာတင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရဘုရားသည်ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။