Jeremiah 12
12:1 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကိုဆွေးနွေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသောသူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါသနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။
12:2 ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ကြီးပွားလျက် အသီးကို သီးကြပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။
12:3 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့် သဘောတူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသောသူတို့ကို အသေသတ်ခြင်းငှာ ဆွဲထုတ်တော်မူပါ။ သတ်ရသောနေ့အဖို့ ပြင်ဆင်တော်မူပါ။
12:4 ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသောအကျိုးအပြစ် ကို ဘုရားသခင် မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက်ပျက်ကြပါပြီ။
12:5 သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာနေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။
12:6 သင်၏ညီအစ်ကို၊ အဘ၏အိမ်သူအိမ်သားတို့ပင် သင့်ကိုသစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြောသော်လည်းမယုံနှင့်။
12:7 ငါသည် ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကိုပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ရန်သူလက်သို့ အပ်နှံပြီ။
12:8 ငါ့အမွေသည် တော၌တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကိုဟောက်သောကြောင့် ငါမုန်းလေ၏။
12:9 ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အားဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စားခြင်းငှာ လာကြစေ။
12:10 များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ်ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဖို့ကို ကျော်နင်းကြပြီ။ ငါရထိုက်သော နှစ်သက်ရာအဖို့ကို လူဆိတ်ညံရာတောဖြစ်စေကြပြီ။
12:11 သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံလျက်ရှိ၍၊ ငါ့အားညည်းတွားလေ၏။ တစ်ပြည်လုံးပျက်စီးသော်လည်း၊ အဘယ်သူမျှ ပမာဏမပြုတတ်။
12:12 တော၌ မြင့်သောအရပ် အလုံးစုံတို့အပေါ်မှာ လုယက်သောသူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတစ်ဖက်မှ တစ်ဖက်တိုင်အောင် ထာဝရဘုရား၏ဓားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှချမ်းသာမရ။
12:13 သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာကြိုးစားသော်လည်း ကျေးဇူးမရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
12:14 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေးသနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သောအမွေကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ပြည်ထဲက ငါနုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနုတ်မည်။
12:15 နုတ်ပြီးမှ တစ်ဖန်ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။
12:16 ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှာ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဖူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကိုတိုင်တည်၍ ကျိန်ဆိုခြင်းငှာ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည်စေမည်။
12:17 သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နားမထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနုတ်ပယ်ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။