Jeremiah 13
13:1 တစ်ဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကိုသွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊
13:2 ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။
13:3 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်လျှင်၊
13:4 သင်သည် ခါး၌စည်းသော ခါးပန်းကိုယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊
13:5 မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။
13:6 ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရဘုရားက၊ သင်သည်ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။
13:7 ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာအရပ်၌ တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
13:8 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊
13:9 ထိုနည်းတူ၊ ယုဒပြည်၏ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။
13:10 ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံး ခိုင်မာသောသဘောအတိုင်းကျင့်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လိုက်သွားသော ဤလူဆိုးမျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ဖြစ်လိမ့်မည်။
13:11 ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလအမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေ ဖြစ်စေခြင်းငှာ၊ ငါ၌မှီဝဲစေသော်လည်း၊ သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
13:12 တစ်ဖန် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊
13:13 သင်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင်မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။
13:14 ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါထိခိုက်စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13:15 သင်တို့သည် နားထောင်နာယူကြလော့။ ထောင်လွှားသောစိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော်ရှိ၏။
13:16 မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
13:17 သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား၊ သင်တို့မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုကို သိမ်းသွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန်ငို၍ မျက်ရည်ကျမည်။
13:18 ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသောသရဖူသည် သင်တို့၏ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြောလော့။
13:19 တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
13:20 မြောက်မျက်နှာကလာသော သူတို့ကိုမျှော်၍ကြည့်လော့။ သင့်အား ငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာရှိသနည်း။
13:21 သင်သည် ဆုံးမတော်မူခြင်းကိုခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှာ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီ။ သားဖွားသောမိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့်မည် မဟုတ်လော။
13:22 သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။
13:23 အဲသယောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။
13:24 ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက်လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။
13:25 သင်သည် ငါ့ကိုမေ့လျော့၍၊ မုသား၌မှီဝဲဆည်းကပ်သောကြောင့်၊ သင့်အဖို့ ငါတိုင်းထွာ၍ ပေးလတ္တံ့သော အငန်းအတာကား ဤသို့တည်း။
13:26 ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ၊ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
13:27 သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသောမေထုန်၏ ညစ်ညူးခြင်း၊ တောင်ပေါ်၌လည်းကောင်း၊ လယ်ပြင်၌လည်းကောင်းပြုသော စက်ဆုပ်ရွံရှာဖွယ်တို့ကို ငါသိမြင်၏။ အို ယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။