Jeremiah 23
23:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသောသိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြားစေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
23:2 ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23:3 တစ်ဖန် မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသောသိုးတို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်။ သူတို့သည်လည်း၊ သားဖွား၍ များပြားကြလိမ့်မည်။
23:4 သူတို့ကို ကျွေးမွေးသောသိုးထိန်းတို့ကို သူတို့အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တစ်ဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်း မရှိရကြ။ ဆုံးမခြင်းကိုလည်းမခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
23:5 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသော ရှင်ဘုရင်တစ်ဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။
23:6 ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရလိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနု ဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
23:7 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
23:8 ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဖူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တစ်ဖန် ရောက်လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တစ်ဖန် နေရကြလိမ့်မည်။
23:9 ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်လည်းကောင်း၊ သန့်ရှင်းသော စကားတော်ကြောင့်လည်းကောင်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သောသူကဲ့သို့ ငါဖြစ်၏။
23:10 အကြောင်းမူကား၊ မတရားသောမေထုန်၌ မှီဝဲသောသူတို့သည် တစ်ပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တစ်ပြည်လုံး မြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိသည် တရားဘက်၌ မနေတတ်။
23:11 ပရောဖက်နှင့် ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
23:12 ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသောကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23:13 ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက်သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို မှားယွင်းစေကြပြီ။
23:14 ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဖွယ်သော သဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသားကိုလည်းသုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့လည်းကောင်း၊ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
23:15 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သားပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တစ်ပြည်လုံးကို နှံ့ပြားလေပြီ။
23:16 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သောဆရာတို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကိုမြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
23:17 ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြလိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသဘောသို့ လိုက်သောသူတို့အား၊ သင်တို့သည် ဘေးဥပဒ်နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
23:18 ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ်သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။
23:19 ထာဝရဘုရား၏ လေပွေတော်သည် ပူသောအရှိန်နှင့် ထွက်၏။ ပြင်းစွာသော လေပွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာတိုက်လိမ့်မည်။
23:20 ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမီ အမျက်တော်မငြိမ်းရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည်ကြလိမ့်မည်။
23:21 ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
23:22 ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသောလမ်းမှလည်းကောင်း၊ မကောင်းသော အကျင့်ဓလေ့မှလည်းကောင်း လွဲသွားစေကြပြီ။
23:23 ငါသည် နီးသောအရပ်၌သာ ဘုရားဖြစ်သလော။ ဝေးသောအရပ်၌လည်း ဘုရားဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
23:24 ငါမမြင်စေခြင်းငှာ အဘယ်သူသည် မထင်ရှားသောအရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
23:25 ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသားဖြင့်ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
23:26 ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံးလှည့်စားသည်အတိုင်း ဟောပြောတတ်ကြ၏။
23:27 ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကိုမေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏လူမျိုးသည် ငါ့နာမကိုမေ့လျော့စေမည်ဟု အကြံရှိကြသည်တကား။
23:28 အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက်စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရသောသူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည် စပါးနှင့် အဘယ်သို့ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
23:29 ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုချေသော သံတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
23:30 သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တစ်ယောက်မှတစ်ယောက် ခိုးသောပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23:31 မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23:32 မှားသောအိပ်မက်ကို ဟောပြော၍၊ မုသားစကားနှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကို မှားယွင်းစေသောပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုးသည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
23:33 ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစ်စုံတစ်ယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော် အဘယ်သို့နည်းဟု သင့်ကိုမေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23:34 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြောဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားကိုလည်းကောင်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ ငါသည် ဒဏ်ပေးမည်။
23:35 သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်း ဟူ၍လည်းကောင်း၊ အဘယ်သို့ မိန့်တော်မူသနည်း ဟူ၍လည်းကောင်း၊ အိမ်နီးချင်း၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မေးမြန်းရမည်။
23:36 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တစ်ဖန် မဆိုရ။ လူတိုင်း မိမိစကားမှတစ်ပါး အခြားသောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင်တည်းဟူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏စကားတော်ကို ဖျက်ကြပြီ။
23:37 ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကိုမေးလော့။
23:38 သင်တို့က၊ ထာဝရဘုရား၏ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည်အကြောင်း၊ ငါပညတ်သော်လည်း၊ သင်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြသောကြောင့်၊
23:39 ငါသည် သင်တို့ကိုလည်းကောင်း၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော မြို့ကိုလည်းကောင်း၊ ငါ့ထံမှ အကုန်အစင်ကျုံး၍ ပစ်လိုက်မည်။
23:40 အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက်စေမည်။