Jeremiah 22
22:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊
22:2 ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
22:3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားသဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသောသူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။
22:4 အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။
22:5 သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံသောအရပ် ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကိုကိုယ် တိုင်တည်၍ မိန့်တော်မူ၏။
22:6 ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင်ထိပ် ကဲ့သို့လည်းကောင်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသောမြို့ကဲ့သို့ တောဖြစ်စေမည်။
22:7 သင့်ကို ဖျက်ဆီးစေခြင်းငှာ၊ ဓားနှင့် ပုဆိန်ပါသော သူတို့ကိုငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇ်ပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ကြလိမ့်မည်။
22:8 လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာလျှောက်သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တစ်ယောက်ကိုတစ်ယောက် မေးကြသည်ရှိသော်၊
22:9 ဤမြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
22:10 သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်။ အခြားတစ်ပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တစ်ဖန် ပြန်၍မလာရ။ မိမိမွေးဖွားရာဌာနကို မမြင်ရ။
22:11 ခမည်းတော် ယောရှိမင်းကြီးအရာ၌စိုးစံ၍ ဤပြည်မှထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုမင်းသည် နောက်တစ်ဖန် ဤပြည်သို့ ပြန်၍မလာရ။
22:12 ရန်သူတို့သိမ်းသွားရာပြည်၌ပင် သေရလိမ့်မည်။ ဤပြည်ကို နောက်တစ်ဖန် မမြင်ရ။
22:13 မတရားသောအမှုအားဖြင့် မိမိအိမ်ကိုလည်းကောင်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကိုလည်းကောင်း ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲစေစား၍၊ အလုပ်လုပ်သည်အတွက်ဆုမချသောသူသည် အမင်္ဂလာရှိ၏။
22:14 ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြူတင်းပေါက်ကို ဖောက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်္သာပဒါးနှင့် ချယ်လှယ်ပြီတကား။
22:15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ဂုဏ်ကို ကိုးစားသောကြောင့် စိုးစံရမည်လော။ သင်၏အဘသည် ဝစွာစားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည် မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။
22:16 သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကိုစောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။
22:17 သင်၏မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းမှတစ်ပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။
22:18 ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမဟူ၍ မငိုကြွေးရကြ။ သူ၏အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ဘုန်းဟူ၍ မမြည်တမ်းရကြ။
22:19 ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
22:20 လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
22:21 သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။
22:22 သင့်ကို ကျွေးမွေးသောသူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်းရှိလိမ့်မည်။
22:23 အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဖွားခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့၊ သင်သည် နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဖွယ်ဖြစ်လိမ့်မည်တကား။
22:24 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ယာလက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။
22:25 သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့လက်သို့ ငါအပ်မည်။
22:26 သင့်ကိုလည်းကောင်း၊ သင့်ကိုဖွားမြင်သော သင်၏အမိကိုလည်းကောင်း၊ မွေးဖွားရာဌာန မဟုတ်သောပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။
22:27 ပြန်လိုသောပြည်သို့ နောက်တစ်ဖန်ပြန်၍မလာရကြ။
22:28 ဤမင်းသားခေါနိသည် ရိုသေဖွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက်သောတန်ဆာ ဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဖူးသောပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။
22:29 အို မြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။
22:30 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍လည်းကောင်း၊ တစ်သက်လုံး မကောင်းစားသောသူ ဟူ၍လည်းကောင်း ရေးမှတ်လော့။ သူ၏သားမြေး တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိရ။