Jeremiah 25
25:1 ယုဒရှင်ဘုရင် ယောရှိမင်းကြီးသားယောယကိမ် နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပထမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည်မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
25:2 ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့အား၊ ယေရမိ ဆင့်ဆိုဟောပြောရသည်ကား၊
25:3 ယုဒရှင်ဘုရင် အာမုန်သား ယောရှိ နန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲနေကြ၏။
25:4 ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှာ နားကိုမလှည့်ဘဲ နေကြ၏။
25:5 ထိုပရောဖက်တို့က၊ သင်တို့အသီးအသီးလိုက်သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော်မူသောပြည်၌ နေကြလော့။
25:6 အခြားတစ်ပါးသော ဘုရားနောက်သို့လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့်လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
25:7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှာ၊ ကိုယ်လက်နှင့်လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို ထွက်စေသောအခွင့် ရှိမည်အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
25:8 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
25:9 ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
25:10 ဤသူတို့တွင် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ်ပျောက်စေမည်။
25:11 ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။
25:12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ်အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
25:13 ငါခြိမ်းသော စကားများတည်းဟူသော ယေရမိသည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တစ်ဖက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲတိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
25:14 များစွာသောလူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ကျင့်သောအကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့်အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
25:15 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ ခံယူလော့။ ငါသည် သင့်ကိုစေလွှတ်သော လူမျိုးအပေါင်းတို့ကိုသောက်စေလော့။
25:16 သူတို့အလယ်သို့ ငါစေလွှတ်သောဓားကြောင့် သူတို့သည်သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
25:17 ငါသည် ထာဝရဘုရား၏လက်တော်မှ ထိုဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
25:18 ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲရာ ဖြစ်စေခြင်းငှာ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
25:19 အဲဂုတ္တုပြည်ကိုအစိုးရသော ဖာရောဘုရင်အစရှိသောသူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့်ရောနှောသော တစ်ပါးအမျိုးသားရှိသမျှ၊
25:20 ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
25:21 ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊
25:22 တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ်တစ်ဖက်၌ အစိုးရသောမင်းများ၊
25:23 ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကိုရိတ်တတ်သောပြည်သားရှိသမျှ၊
25:24 အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ်သောလူများကို အစိုးရသောမင်းအပေါင်း၊
25:25 ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်းအပေါင်း၊
25:26 တစ်ပါးနှင့်တစ်ပါး နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတစ်ပြင်လုံး၌ ရှိသမျှသော လောကီနိုင်ငံအပေါင်းပါကြသတည်း။ နောက်ဆုံး၌ ရှေရှက်ရှင်ဘုရင် သောက်ရမည်။
25:27 သင်တို့အလယ်သို့ ငါစေလွှတ်သောဓားကြောင့် သောက်၍ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တစ်ဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။
25:28 သူတို့သည် သောက်ခြင်းငှာ ထိုဖလားကို သင်၏လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။
25:29 အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သောမြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ်အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲ မနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဖို့ ဓားကိုမှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
25:30 ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့အား ဟောပြောရသောစကားများ ဟူမူကား၊ ထာဝရဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာ အရပ်ဌာန တစ်ဖက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ်သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တစ်ဖက်၌ အော်ဟစ်တော်မူမည်။
25:31 မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓားနှင့်ကွပ်မျက်စေခြင်းငှာ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
25:32 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေပွေသည် ထလိမ့်မည်။
25:33 ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှ တစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
25:34 အို သိုးထိန်းတို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက် နေကြလော့။ သင်တို့ကို သတ်ရသောအချိန် ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဖိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။
25:35 သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။
25:36 သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များ မြည်သံကို ကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။
25:37 ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူသောအားဖြင့် ငြိမ်ဝပ်စွာ နေရာအရပ်တို့သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။
25:38 ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့်ထွက်တော်မူပြီ။ ညှဉ်းဆဲသောသူ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ပြည်သည် လူဆိတ်ညံရာအရပ် ဖြစ်ရ၏။