Jeremiah 26
26:1 ယုဒရှင်ဘုရင် ယောရှိသားယောယကိမ် နန်းထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊
26:2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှာ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ငါသည်သင်၌ မှာထားသမျှသော စကားတို့ကို ဗိမာန်တော် တံတိုင်းထဲမှာ ရပ်လျက်၊ သူတို့အား ပြန်ပြောလော့။ တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်။
26:3 သူတို့သည် နားထောင်၍၊ အသီးအသီး မိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေးမည်ဟု ကြံစည်ခြင်းကို နောင်တရမည်။
26:4 သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်းသို့မလိုက်၊
26:5 ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲနေလျှင်၊
26:6 ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသောမြို့ ဖြစ်စေမည်ဟု မိန့်တော်မူ၏။
26:7 ထိုစကားကို ဗိမာန်တော်၌ ယေရမိဟောပြောသည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများအပေါင်းတို့သည် ကြားကြ၏။
26:8 လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကိုဖမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
26:9 ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟု ပြောဆိုလျက်၊ လူများအပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတစ်ဖက်၌ စုဝေးကြ၏။
26:10 ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသောအခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။
26:11 ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုကြ၏။
26:12 ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှာ၊ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။
26:13 ယခုမှာ သင်တို့၏ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တစ်ဖန် နောင်တရတော်မူလိမ့်မည်။
26:14 ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။
26:15 သို့ရာတွင်၊ ငါ့ကိုသတ်လျှင် အပြစ်မရှိသောအသွေးကို သင်တို့သည် ကိုယ်အပေါ်သို့လည်းကောင်း၊ ဤမြို့နှင့် မြို့သားတို့ အပေါ်သို့လည်းကောင်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကားအလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။
26:16 ထိုအခါ မှူးမတ်အစရှိသော လူများအပေါင်းတို့က၊ ဤသူသည် အသေခံထိုက်သည် မဟုတ်။ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အားဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏။
26:17 ပြည်သားအသက်ကြီးသူ အချို့ကလည်း၊
26:18 ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
26:19 ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင်ဟေဇကိသည် ထိုပရောဖက်ကို သတ်သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံ့သည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တစ်ဖန် နောင်တရတော်မူသည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီးခြင်းငှာ ပြုကြသည်တကားဟု စည်းဝေးသောသူအပေါင်းတို့အား ပြောဆိုကြ၏။
26:20 ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုမြို့နှင့် ထိုပြည်တစ်ဖက်၌ ပရောဖက်ပြု၍၊ ယေရမိဟောပြောသောစကားနှင့် တ ညီတည်းဟောပြော၏။
26:21 ယောယကိမ်မင်းကြီးနှင့် မင်းများ၊ မှူးမတ်များအပေါင်းတို့သည် ထိုပရောဖက်၏ စကားကိုကြားသောအခါ၊ သူ့ကို သတ်အံ့သောငှာ မင်းကြီးသည် ရှာကြံ၏။ ထိုသတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တုပြည်သို့ ပြေးသွားလေ၏။
26:22 ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊
26:23 ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ဓားနှင့်သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏သင်္ချိုင်း၌ ပစ်ထားလေ၏။
26:24 သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကိုမစသောကြောင့်၊ အသေခံစေခြင်းငှာ လူများတို့လက်သို့ မအပ်ရ။