Jeremiah 36
36:1 ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
36:2 သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်းလက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသော စကားအတိုင်း ရေးထားလော့။
36:3 ယုဒအမျိုးတို့၌ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီးလိုက်ဖူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
36:4 ထိုအခါယေရမိသည် နေရိသားဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရား မိန့်တော်မူသမျှသောစကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။
36:5 ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရသောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။
36:6 သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အား ဖတ်လော့။ အမြို့မြို့အရွာရွာကလာသော ယုဒလူတို့အားလည်း ဖတ်လော့။
36:7 သူတို့သည် အသီးအသီးလိုက်ဖူးသော အဓမ္မလမ်းကိုရှောင်လျက်၊ ထာဝရဘုရားအား ပျပ်ဝပ်၍ဆုတောင်းကောင်း ဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန်ပေ၏ဟု ဗာရုတ်အား မှာထားလေ၏။
36:8 ထိုသို့ ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည် ပြု၍၊ ထာဝရဘုရား၏စကားတော်ပါသောစာကို ဗိမာန်တော်၌ ဖတ်လေ၏။
36:9 ယုဒရှင်ဘုရင် ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်းတို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
36:10 ထိုအခါ ဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နားမှာ၊ အထက်တံတိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သောစာကို လူအပေါင်းတို့ရှေ့မှာ ဖတ်လေ၏။
36:11 ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကားတော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယသည် ကြားလျှင်၊
36:12 နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် ထိုင်လျက်ရှိကြ၏။
36:13 ထိုအခါဗာရုတ်သည် လူများတို့အား ဖတ်သောစာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။
36:14 ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သော ယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဖတ်သောစာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသား ဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍ လာ၏။
36:15 သူတို့ကလည်း ထိုင်လော့။ ငါတို့အား ဖတ်လော့ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဖတ်လေ၏။
36:16 ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင်၊ အချင်းချင်း ကြောက်ရွံ့သောစိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက် ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
36:17 တစ်ဖန် သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ ရေးထားသနည်းဟု မေးမြန်းလျှင်၊
36:18 ဗာရုတ်က၊ သူသည် ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မင်နှင့် ရေးထားပါ၏ဟု ပြန်ပြောသော်၊
36:19 မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့်အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစ်စုံတစ်ယောက်မျှ မသိစေနှင့်ဟု ဗာရုတ်အားမှာခဲ့၍၊
36:20 စာလိပ်ကို စာရေးတော်ဧလိရှမာ၏ အခန်း၌ထားပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှုကို အကုန်အစင်လျှောက်ကြ၏။
36:21 ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိကို စေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဖတ်လေ၏။
36:22 ထိုအခါ နဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်းကာလ၌ စံပျော်ရာနန်းအခန်းတွင် ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
36:23 ယေဟုဒိသည် သုံးလေးခန်းလောက် ဖတ်မိလျှင်၊ ရှင်ဘုရင်သည် စာရေး၏ဓားနှင့်လှီး၍ မီးမယ်ဖျူးပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန်အစင် ကျွမ်းလောင်လေ၏။
36:24 ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြားသော ရှင်ဘုရင်၏ ကျွန်တစ်ယောက်မျှ မကြောက်၊ မိမိအဝတ်ကိုလည်း မဆုတ်ကြ။
36:25 ရှင်ဘုရင်သည် စာလိပ်ကို မီးမရှို့စေခြင်းငှာ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော်လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။
36:26 တစ်ဖန် ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဖမ်းဆီးစေခြင်းငှာ၊ သားတော် ယေရမေလ၊ အာဇရေလသား စရာယ၊ အာဗဒေလသား ရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
36:27 ယေရမိနှုတ်မြွက်သည်အတိုင်း ဗာရုတ်ရေးထားသော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊
36:28 သင်သည် အခြားသောစာလိပ်ကိုယူ၍၊ ယုဒရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှသော စကားရင်းအတိုင်း ရေးထားလော့။
36:29 သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အားပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလိမ့်မည်ဟူသောစကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။
36:30 ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင်ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌ နေပူထဲသို့လည်းကောင်း၊ ညအချိန်၌ နှင်းခဲထဲသို့လည်းကောင်း ပစ်လိုက်ကြလိမ့်မည်။
36:31 သူမှစ၍ သူ၏သားမြေးတို့ကိုလည်းကောင်း၊ သူ၏ကျွန်တို့ကိုလည်းကောင်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့် ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နားမထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ရောက်စေမည်ဟု မိန့်တော်မူ၏။
36:32 ထိုအခါ ယေရမိသည် အခြားသောစာလိပ်ကိုယူ၍၊ နေရိသား စာရေးဗာရုတ်အား ပေးသဖြင့်၊ ယုဒရှင်ဘုရင်ယောယကိမ် မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွက်၍၊ ဗာရုတ်သည် ရေးထား၏။ အလားတူသော စကားအများကိုလည်း ထပ်၍သွင်းရ၏။