Jeremiah 35
35:1 ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်းလက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
35:2 သင်သည် ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့် နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကို တိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊
35:3 ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏သားယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများအပေါင်း၊ ရေခပ်အမျိုးသား အပေါင်းတို့ကို ခေါ်၍၊
35:4 ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့နေသောအခန်းထဲသို့ ဆောင်သွားပြီးလျှင်၊
35:5 ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကို ထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အားဆို၏။
35:6 သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အမျိုး၏အဘ ရေခပ်၏သား ယောနဒပ်က၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။
35:7 အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်း မစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက် နေသောပြည်၌ အသက်တာရှည်မည်အကြောင်း၊ တစ်သက်လုံး တဲနှင့်သာနေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။
35:8 ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တစ်သက်လုံး စပျစ်ရည်ကိုမသောက်။
35:9 နေစရာဖို့အိမ်ကိုလည်း မဆောက်။ စပျစ်ဥယျာဉ် မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။
35:10 တဲနှင့်သာနေ၍ အကျွန်ုပ်တို့ အမျိုး၏အဘ ရေခပ်သားယောနဒပ်မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ် မှာထားသမျှအတိုင်း ပြုကြပါပြီ။
35:11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤပြည်သို့လာသောအခါ၊ အကျွန်ုပ်တို့က၊ လာကြ။ ယေရုရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို၍၊ ယခုယေရှုရှလင်မြို့၌ နေကြပါသည်ဟု ဆိုကြ၏။
35:12 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
35:13 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကိုနားထောင်အံ့သောငှာ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော်မူ၏။
35:14 စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောနဒပ်သည် မိမိသားတို့၌ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နားထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။
35:15 ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
35:16 ရေခပ်သားဖြစ်သော ယောနဒပ်၏သားမြေးတို့သည် မိမိတို့အဘ မှာထားသောစကားအတိုင်း ကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊
35:17 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြဟု မိန့်တော်မူ၏။
35:18 ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆိုသော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘ ယောနဒပ်၏ ပညတ်စကားကိုနားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်သောကြောင့်၊
35:19 ရေခပ်သားယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။