Jeremiah 39
39:1 ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွလာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
39:2 ဇေဒကိမင်းကြီး နန်းစံဆယ်တစ်နှစ်၊ စတုတ္ထလကိုးရက်နေ့၌ မြို့ကိုဖြိုဖောက်၍၊
39:3 ရွှေဓားဝန် နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ် စာသခိမ်၊ မာဂုပညာရှိအုပ် နေရဂါလရှရေဇာ တည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အစရှိသော မှူးတော်မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ ထိုင်ကြ၏။
39:4 ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကိုမြင်လျှင်၊ ညအခါပြေး၍ ဥယျာဉ်တော်လမ်းကိုလိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
39:5 ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါလွင်ပြင်၌ ဇေဒကိမင်းကိုမီ၍ ဖမ်းဆီးပြီးမှ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်၍၊
39:6 ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
39:7 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်လေ၏။
39:8 ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲသားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
39:9 ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွားနှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
39:10 သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသားအချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
39:11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရမိအမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့်သည်ကား၊
39:12 ယေရမိကိုယူ၍ ကောင်းမွန်စွာကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့် အညီ၊
39:13 ကိုယ်ရံတော်မှူး နေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ် နေရဂါလရှရဇောအစရှိသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
39:14 ယေရမိကို ထောင်ဝင်းထဲက နုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ပို့ဆောင်စေခြင်းငှာ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိသည် ပြည်သားများနှင့်အတူ နေရလေ၏။
39:15 ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံရသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊
39:16 သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့၏အကျိုးကို မပြုစု၊ ဖျက်ဆီးခြင်းငှာ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကား ပြည့်စုံလိမ့်မည်။
39:17 သို့သော်လည်း၊ ထိုကာလ၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
39:18 ငါသည် သင့်ကို စင်စစ်ကယ်နုတ်မည်။ သင်သည် ဓားဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။