Jeremiah 40
40:1 ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တစ်ဖန်သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက်လာသည် အရာမှာ၊ ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကိုခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံရသောအခါ၊
40:2 ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်၌ ရောက်သောအမှုကို ခြိမ်းတော်မူနှင့်ပြီ။
40:3 ခြိမ်းတော်မူသည် အတိုင်းလည်း၊ အမှုကိုရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ရောက်လေပြီ။
40:4 ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှာ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်ခြင်းငှာ အလိုမရှိလျှင် မလိုက်နှင့်။ တစ်ပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။
40:5 ယေရမိသည် ကိုယ်ရံတော်မှူးထံမှ မထွက်မီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်နယ်တွင်၊ မြို့အုပ်အရာ၌ ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံသို့ပြန်၍၊ ပြည်သားများနှင့်အတူ နေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟု ဆိုလျက်၊ စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏။
40:6 ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။
40:7 ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသားဂေဒလိကို ပြည်အုပ်အရာ၌ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူရာ၌မပါသော ယောက်ျားမိန်းမ သူငယ်ဆင်းရဲသား အချို့တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊
40:8 နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်နှင့် ယောနသန်၊ တာနုမက်သား စရာယ၊ နေတောဖတ်အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊
40:9 ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန်ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။
40:10 ငါမူကား၊ လာလတ္တံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှာ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကိုလည်းကောင်း၊ နွေကာလအသီးကိုလည်းကောင်း၊ ဆီကိုလည်းကောင်းသိမ်း၍ အိုး၌သိုထားကြလော့။ ယခုဝင်ပြန်သောမြို့ရွာတို့၌ နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။
40:11 ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ကိုကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို မင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
40:12 နှင်ထုတ်ရာပြည် အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာမိဇပါမြို့သို့ ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။
40:13 ထိုနောက်မှ၊ ကာရာသား ယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့ လာ၍၊
40:14 ကိုယ်တော်ကို သတ်စေခြင်းငှာ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကိုစေလွှတ်ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော်လည်း၊ ထိုစကားကို အဟိကံသား ဂေဒလိသည်မယုံ။
40:15 ထိုအခါ ကာရာသား ယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍ နာသနိသား ဣရှမေလကို သတ်ရသောအခွင့်ကို ပေးပါလော့။ အဘယ်သူမျှ မသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသော ယုဒလူအပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသောသူတို့သည် အဘယ်ကြောင့် ပျက်စီးရကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊
40:16 အဟိကံသား ဂေဒလိက၊ သင်သည် ထိုသို့မပြုရ။ ဣရှမေလ၌ မမှန်သောစကားကို ပြန်ပြောပြီဟု၊ ကာရာသားယောဟနန်အား ပြန်ပြောလေ၏။