Jeremiah 44
44:1 အဲဂုတ္တုပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊
44:2 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့ အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
44:3 ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ် ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့၍ ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ပြုကြသောဒုစရိုက်ကြောင့် ဤအမှုရောက်သတည်း။
44:4 ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဖွယ်သောအမှုကို မပြုပါနှင့်ဟုပြောသော်လည်း၊
44:5 သူတို့သည် အခြားတစ်ပါးသော ဘုရားအား နံ့သာပေါင်းကိုမီးမရှို့၊ ဒုစရိုက်ကိုရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု၊ မနာမယူဘဲ နေကြ၏။
44:6 ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်းလောင်း၍၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည် ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ် ဖြစ်ကြ၏။
44:7 ယခုမှာ ဣသရေလမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ် ပယ်ဖြတ်လိုသောငှာလည်းကောင်း၊ မြေကြီးပေါ်မှာ လူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ကျိန်ဆဲရာ ဖြစ်လိုသောငှာလည်းကောင်း၊ သွား၍နေသော အဲဂုတ္တုပြည်၌ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကိုနှိုးဆော်သဖြင့်၊ သင်တို့တွင် တစ်ယောက်မျှ မကြွင်း၊ ယုဒအမျိုး ယောက်ျားမိန်းမ၊ သူငယ်နို့စို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ်စိတ်ဝိညာဉ်တစ်ဖက်၌ အဘယ်ကြောင့် ပြုကြသနည်း။
44:9 ယုဒပြည်၌လည်းကောင်း၊ ယေရုရှလင်လမ်းတို့၌လည်းကောင်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသောဒုစရိုက်၊ သင်တို့ကိုယ်တိုင် ပြုသောဒုစရိုက်၊ သင်တို့မယားများ ပြုသောဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။
44:10 ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသောစိတ်မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်းသို့ မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။
44:11 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသားအပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှာ ငါသည်မျက်နှာထားမည်။
44:12 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှာ မျက်နှာပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည်ယူ၍၊ သူတို့သည် ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့လည်းကောင်း၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့လည်းကောင်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဖို့ရာ ဖြစ်ကြလိမ့်မည်။
44:13 ယေရုရှလင်မြို့သားတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည်ဒဏ်ပေးသည်နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည်ဒဏ်ပေးသဖြင့်၊
44:14 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုသော ယုဒအမျိုးသားအကျန်အကြွင်းတို့သည် ယုဒပြည်သို့ ပြန်၍နေချင်သော်လည်း၊ တစ်ယောက်မျှ ဘေးနှင့်မလွတ်ရ၊ တစ်ယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သောသူသာလျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
44:15 ထိုအခါ မိမိမယားတို့သည် အခြားတစ်ပါးသောဘုရားအား နံ့သာပေါင်းနှင့် မီးရှို့ကြောင်းကို သိသောလူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည် ပါသရုအရပ်၌နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြောကြသည်ကား၊
44:16 သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည်နားမထောင်။
44:17 ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဖူးသကဲ့သို့၊ ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာပူဇော်သကာကို ပြုခြင်းငှာ၊ ကိုယ်အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာစွာနေရကြ၏။
44:18 ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာ ပူဇော်သကာကိုမပြုဘဲ နေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
44:19 ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကိုလုပ်၍၊ သွန်းလောင်းရာ ပူဇော်သကာပြုလျက် ကိုးကွယ်သလောဟု ပြန်ပြောကြ၏။
44:20 ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်းတို့အား ယေရမိပြန်ပြောသည်ကား၊
44:21 သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။
44:22 သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဖွယ်သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင်သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။
44:23 သင်တို့သည် နံ့သာအပေါင်းကိုမီးရှို့၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက် ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်လည်းကောင်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
44:24 တစ်ဖန် မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
44:25 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍ သွန်းလောင်းရာ ပူဇော်သကာပြုခြင်းငှာ၊ သစ္စာကတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာကတိကို ဆက်ဆက်စောင့်၍၊ သစ္စာကတိထားသည်အတိုင်း ပြုကြလိမ့်မည်။
44:26 သို့ဖြစ်၍ အဲဂုတ္တုပြည်၌နေသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင်၊ ယုဒလူတစ်ယောက်မျှ ငါ၏နာမကိုမမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနာမကို တိုင်တည်၍ ကျိန်ဆို၏။
44:27 သူတို့ကို ကျေးဇူးပြုခြင်းငှာ မဟုတ်၊ အပြစ်ပြုခြင်းငှာ ငါစောင့်သည်ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီးကြလိမ့်မည်။
44:28 သို့ရာတွင်၊ ဓားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှာသွားသော ယုဒလူ အကျန်အကြွင်းတို့သည် သိကြလိမ့်မည်။
44:29 ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှာ ငါ့စကားသည် ဆက်ဆက်တည်လိမ့်မည်ဟု သင်တို့ သိမည်အကြောင်း၊ ငါပေးသောနိမိတ်လက္ခဏာဟူမူကား၊
44:30 ယုဒရှင်ဘုရင်ဇေဒကိမင်း အသက်၏ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ ဇေဒကိမင်းကို ငါအပ်သည်နည်းတူ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောဟောဖရာအသက်ကို ရှာသော ရန်သူလက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။