Jeremiah 43
43:1 ထိုလူများတို့၏ဘုရားသခင် ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့အား အကုန်အစင်ကြားပြောသည်ရှိသော်၊
43:2 ဟောရှဲသားအာဇရိနှင့် ကာရာသားယောဟနန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသားစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
43:3 ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှာ၊ နေရိသားဗာရုတ်သည် သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
43:4 ကာရာသားယောဟနန် အစရှိသောတပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
43:5 အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှာ၊
43:6 ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌အပ်သော လူအပေါင်းတို့ကိုလည်းကောင်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကိုလည်းကောင်း၊ ကာရာသားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
43:7 ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့သွား၍ တာပနက်မြို့သို့ ရောက်ကြ၏။
43:8 တာပနက်မြို့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
43:9 သင်သည် ကြီးသော ကျောက်တို့ကိုကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာရှိသော အုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
43:10 သူတို့အားလည်း၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် လူကိုစေလွှတ်၍၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ်ထားသော ဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိတဲတော်ကို ဤကျောက်တို့အပေါ်မှာ ဖြန့်လိမ့်မည်။
43:11 ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တုပြည်ကိုလုပ်ကြံ၍၊ သေတန်သောသူတို့ကို သေခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်လိမ့်မည်။
43:12 အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည်လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့်မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်းသည် အဲဂုတ္တုပြည်ကို ဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွားလိမ့်မည်။
43:13 အဲဂုတ္တုပြည် ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတုများကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။