Jeremiah 48
48:1 ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ ရောက်လေ၏။ ကိရယသိမ်မြို့သည် ရှုံး၍ လုယူခြင်းကို ခံရ၏။ မိသဂပ်မြို့သည်လည်းရှုံး၍ စိတ်ပျက်လေ၏။
48:2 မောဘပြည်သည် နောက်တစ်ဖန် ဟေရှဘုန်မြို့၌ မဝါကြွားရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ်စေခြင်းငှာ ပယ်ရှားကြကုန်အံ့ဟု၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ၏။ အို မာဒမေနမြို့၊ သင်သည်လည်းပျက်စီးရမည်။ ဓားဘေးသည် သင့်ကိုလိုက်လိမ့်မည်။
48:3 ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာသော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကို ကြားရ၏။
48:4 မောဘပြည်သည် ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည် မြည်တမ်းသောအသံကို ပြုကြ၏။
48:5 ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ၏။ ဟောရနိမ်မြို့သို့ ဆင်းရာအရပ်၌လည်း၊ ဆုံးရှုံးခြင်းအသံကို ရန်သူတို့သည် ကြားရကြ၏။
48:6 အသက်လွတ်အံ့သောငှာ ပြေးကြလော့။ လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်ကြလော့။
48:7 သင်သည် မိမိဆည်းပူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့်၊ သူတစ်ပါးလက်သို့ ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်း သူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့နှင့် တကွ သိမ်းသွားကြလိမ့်မည်။
48:8 လုယူသောသူသည် မြို့များအစဉ်အတိုင်းရောက်လာ၍ မြို့တစ်မြို့မျှ မလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင်သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
48:9 မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့။ မြို့တို့သည် နေသောသူမရှိ၊ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
48:10 ထာဝရဘုရား၏ အမှုတော်ကိုကြိုးစား၍ မဆောင်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက်ကို မသတ်ဘဲ မိမိဓားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။
48:11 မောဘသည် အိုးတစ်လုံးမှတစ်လုံးသို့ မပြောင်း၊ တစ်ကျွန်းတစ်နိုင်ငံသို့ ယူသွားခြင်းကို မခံ၊ ငယ်သောအရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည်နေ၏။ မွှေးသောအနံ့လည်း မပျက်။
48:12 သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရသော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကိုစောင်း၍ထားပြီးလျှင်၊ သူ၏အိုးတို့ကို သွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။
48:13 ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုးသည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။
48:14 ငါတို့သည် အားကြီးသောသူ၊ စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ ဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။
48:15 မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်းလောင်ကြပြီ။ သူရွေးချယ်သော လုလင်တို့သည် ကွပ်မျက်ခြင်းကို ခံအံ့သောငှာ ဆင်းသွားကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင် မိန့်တော်မူ၏။
48:16 မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရသောဘေးသည် အလျင်အမြန်လာ၏။
48:17 သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက် မြည်တမ်းကြလော့။ သူ၏နာမကို သိသောသူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ်သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြလော့။
48:18 ဒိဘုန်မြို့၌နေသော သတို့သမီး၊ သင်ခံစားရသော စည်းစိမ်မှဆင်း၍ အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကိုဖျက်ဆီးလိမ့်မည်။
48:19 အို အာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှုလော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကို မေးမြန်းလော့။
48:20 မောဘသည် စိတ်ပျက်လေ၏။ ပြိုလဲလျက် ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်းကို အာနုန်မြို့၌ ကြားပြောကြလော့။
48:21 လွင်ပြင်နှင့် တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊
48:22 ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊
48:23 ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊
48:24 ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရကြ၏။
48:25 မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
48:26 မောဘသည် ထာဝရဘုရားတစ်ဖက်၌ ဝါကြွားသောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကိုခံရ၏။
48:27 သင်သည် ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည် သူခိုးတို့နှင့်ပေါင်းဖော်သည်ကို တွေ့ဖူးသလော။ သူ၏အကြောင်းကို ပြောလေရာရာ၌ သင်သည် ခေါင်းကိုညိတ်ပါသည်တကား။
48:28 မောဘပြည်၌နေသော သူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက်လုပ်တတ်သော ချိုးငှက်ကဲ့သို့ ပြုကြလော့။
48:29 မောဘ၏မာနကို ငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှားစော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်း ရှိသော်လည်း၊
48:30 သူ၏ ဒေါသအမျက်ထွက်ခြင်းကို ငါသိသည်ဖြစ်၍၊ သူသည် အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောလျက်နှင့်၊ မိမိအလို မပြည့်စုံရာဟု ထာဝရဘုရား မိန့်တော်မူ၏။
48:31 ထိုကြောင့်၊ မောဘအတွက် ငါသည်ညည်းတွားမြည်တမ်းမည်။ မောဘပြည် တစ်ပြည်လုံးအတွက် ငိုကြွေးမည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။
48:32 အို စိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင်လယ်တိုင်အောင် ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။
48:33 ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌ စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကို မနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံ မဟုတ်ရ။
48:34 ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့ တိုင်အောင်လည်းကောင်း၊ ဇောရမြို့မှစ၍ ဟောရနိမ်မြို့ တိုင်အောင်လည်းကောင်း သုံးနှစ်အသက်ရှိသော နွားမမြည်သံကဲ့သို့ အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။
48:35 မောဘပြည်၌ မြင့်သောအရပ်ပေါ်မှာ ပူဇော်သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သောသူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
48:36 ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက်မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ဆည်းပူးသော ဘဏ္ဍာဥစ္စာ ပျက်စီးပြီ။
48:37 လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌ လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။
48:38 အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌လည်းကောင်း၊ လမ်းများ၌လည်းကောင်း၊ ညည်းတွားမြည်တမ်းခြင်း နှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
48:39 သူတို့ကလည်း၊ မောဘပြည် ပြိုပျက်လေပြီတကား၊ ရှက်၍ ဆုတ်သွားလေပြီတကားဟု ညည်းတွားမြည်တမ်း ကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်း ဖြစ်ရလိမ့်မည်။
48:40 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကို အုပ်မိုးလိမ့်မည်။
48:41 မြို့ တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသောကြောင့်၊ ထိုနေ့၌ မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်ရလိမ့်မည်။
48:42 မောဘသည် ထာဝရဘုရားတစ်ဖက်၌ ဝါကြွားသောကြောင့်၊ နောက်တစ်ဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။
48:43 အို မောဘအမျိုးသား၊ သင်သည်ကြောက်လန့်ဖွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။
48:44 ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသောနှစ်ကာလကို မောဘပြည်သို့ ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
48:45 ပြေးသောသူတို့သည် အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင်လွှားသောသူတို့၏အထွဋ်မှစ၍ မောဘပြည်စွန်းတိုင်အောင် လောင်လိမ့်မည်။
48:46 အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏သားသမီးများကို သိမ်းသွင်းကြပြီ။
48:47 သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘအမျိုးသားတို့ကို နောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသောအပြစ်တရားပေတည်း။