Jeremiah 49
49:1 အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိသလော။ အမွေခံ မရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့်တို့သည် ဂဒ်မြို့တို့၌ အဘယ်ကြောင့် နေကြသနည်း။
49:2 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါ ဣသရေလအမျိုး၏ နေရာကို၊ သိမ်းယူသောသူတို့၏နေရာကို၊ ဣသရေလသည် တစ်ဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
49:3 အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီးပြီ။ အို ရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကို ဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံဘုရားသည် သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
49:4 ငါ့ထံသို့ အဘယ်ရန်သူ ရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိစည်းစိမ်၌ကိုးစားလျက် ဖောက်ပြန်သော သတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာဖြစ်လိမ့်မည်။
49:5 ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သောအကြောင်းကို သင်၌ ငါဖြစ်စေမည်။ သင်တို့ အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြားသောသူတို့ကို စုဝေးစေသောသူလည်းမရှိရ။
49:6 သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တစ်ဖန် ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
49:7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန်ပြည်၌ ပညာကုန်သလော။ ပညာသတိရှိသော သူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဉာဏ်သည် ဆုံးသလော။
49:8 အို ဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြလော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရသောဘေး၊ ဆုံးမခြင်းကိုခံရသောအချိန်ကို ငါရောက်စေမည်။
49:9 စပျစ်သီးကိုဆွတ်သော သူတို့သည် သင်ရှိရာသို့လာလျှင်၊ သူတစ်ပါးလိုက်၍ ဆွတ်စရာဖို့ ကျန်ကြွင်းစေကြလိမ့်မည် မဟုတ်လော။ ညအခါ သူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည်မဟုတ်လော။
49:10 ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သော နေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီးချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရလိမ့်မည်။
49:11 သင်၌ မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။ သင်၏မုဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။
49:12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခွက်ဖလားကို မသောက်ထိုက်သောသူတို့သည် အကယ်၍ သောက်ကြသည်မှန်လျှင်၊ သင်သည်အပြစ်ကိုမခံဘဲ ရှင်းရှင်းလွတ်ရမည်လော။ မလွတ်ဘဲ မနေရ။ စင်စစ် သောက်ရမည်။
49:13 ဗောဇရပြည်သည် အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူဆိတ်ညံရာ၊ ကျိန်ဆဲရာ ဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံသည်လည်း၊ အစဉ် သုတ်သင်ပယ်ရှင်းရာ ဖြစ်ရကြလိမ့်မည်ဟု၊ ငါသည် ကိုယ်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
49:14 ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီ၍လာကြလော့ဟု တစ်ပါးအမျိုးသားတို့ထံသို့ သံမန်ကိုစေလွှတ်တော်မူပြီ။
49:15 တစ်ပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာမည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
49:16 ကျောက်ကြားတို့၌နေ၍ တောင်ထိပ်ကို ခိုလှုံသောသူဖြစ်သောကြောင့်၊ သင်၏ကြောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
49:17 ဧဒုံပြည်သည်အံ့ဩရာဖြစ်၍၊ လျှောက်သွားသောသူတိုင်း အံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ်အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
49:18 သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့တို့၏ ပျက်စီးခြင်းကဲ့သို့ ဖြစ်၍၊ ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသား တစ်စုံတစ်ယောက်မျှ နေရာမကျရဟု ထာဝရဘုရား မိန့်တော်မူ၏။
49:19 ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှတက်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့ တက်သောအခါ၊ နေသောသူသည် ချက်ချင်းပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သောသူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
49:20 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တစ်ဖက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည်၊ အားမရှိသော ထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီးလိမ့်မည်။
49:21 သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ သူတို့အော်ဟစ်သောအသံကို ဧဒုံပင်လယ်တိုင်အောင် ကြားရ၏။
49:22 ရန်သူသည်တက်၍ ရွှေလင်းတကဲ့သို့ ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်လိမ့်မည်။
49:23 ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ၍ စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသောကြောင့်၊ ငြိမ်ဝပ်ခြင်းသို့ မရောက်နိုင်။
49:24 ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သောငှာ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက် နေ၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကိုလည်းကောင်း ခံရ၏။
49:25 အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
49:26 သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။
49:27 ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
49:28 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
49:29 သူတို့တဲများနှင့် သိုးစုများကိုလည်းကောင်း၊ ကုလားကာများ၊ အသုံးအဆောင်များ၊ ကုလားအုတ်များကိုလည်းကောင်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာအကြောင်းကို ကြွေးကြော်ရကြမည်။
49:30 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာဇော်ပြည်သားတို့၊ ဝေးစွာပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့တစ်ဖက်၌ ကြံစည်သောအကြံအစည် ရှိ၏။
49:31 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဖော်မရှိ၊ တခြားစီနေတတ်သော လူမျိုးနေရာသို့သွားကြလော့။
49:32 သူတို့ကုလားအုတ် အစရှိသောတိရစ္ဆာန်အပေါင်းတို့သည် လုယူရာ ဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သော လူမျိုးကို အရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှ သူတို့၌ ဘေးဥပဒ်ကို ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
49:33 ဟာဇော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံရာအစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသား တစ်စုံတစ်ယောက်မျှ မနေရ။ လူသား တစ်စုံတစ်ယောက်မျှ နေရာမကျရ။
49:34 ယုဒရှင်ဘုရင်ဇေဒကိမင်း နန်းစံစက၊ ဧလံပြည်ကိုရည်မှတ်သော ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊
49:35 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏အစွမ်းသတ္တိ အထွဋ်အမြတ်ကို ငါချိုးမည်။
49:36 အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သားများကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သားမရောက်သော တိုင်းနိုင်ငံတစ်ခုမျှမရှိရ။
49:37 ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာလည်းကောင်း၊ သူတို့အသက်ကိုရှာသော လူတို့ရှေ့မှာလည်းကောင်း၊ ငါကြောက်လန့်စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသောဘေးဥပဒ်ကို သူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမီတိုင်အောင် သူတို့နောက်သို့ ဓားကို လွှတ်လိုက်ရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
49:38 ဧလံပြည်၌ ငါ၏ပလ္လင်ကိုတည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
49:39 သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော ဧလံအမျိုးသားတို့ကို နောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။