Jeremiah 50
50:1 ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကိုရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသော စကားဟူမူကား၊
50:2 လူမျိုးတို့တွင် သတင်းကြားပြောကြလော့။ ဝှက်၍မထားဘဲ အလံကိုထူ၍ ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရောဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန် ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ ကျိုးပဲ့လျက်ရှိကြ၏။
50:3 လူတစ်မျိုးသည် မြောက်မျက်နှာမှ လာ၍ ဗာဗုလုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသောသူမရှိရ။ လူနှင့် တိရစ္ဆာန်တို့သည် အကုန်အစင် ထွက်သွားကြလိမ့်မည်။
50:4 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့် ပေါင်းဖက်၍ လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင် ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
50:5 ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့်မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိတ်သဟာယဖွဲ့ကြလိမ့်မည်။
50:6 ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာ လမ်းလွဲစေကြပြီ။ သူတို့သည် တောင်တစ်လုံးမှတစ်လုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကို မေ့လျော့ကြပြီ။
50:7 သူတို့ကို တွေ့ကြုံသမျှသော သူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က၊ သူတို့သည် တရားသောငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ ငါတို့သည် ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆိုကြပြီ။
50:8 ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။
50:9 အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့မည်။ သူတို့သည် မြို့တစ်ဖက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ပစ်သောမြားတို့သည် လိမ္မာသော စစ်သူရဲ၏မြားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။
50:10 ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသောသူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
50:11 ငါ့အမွေကိုဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
50:12 ထိုကြောင့်၊ သင်တို့အမိသည် မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဖွားသောသူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သောလွင်ပြင် ဖြစ်ရလိမ့်မည်။
50:13 ထာဝရဘုရား၏အမျက်တော်ကြောင့် နောက်တစ်ဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရလိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသောသူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကိုထောက်လျက်၊ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
50:14 ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြလော့။ သူသည် ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြားကိုမနှမြောဘဲ ပစ်ကြလော့။
50:15 မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည်ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက် စီရင်ကြလော့။ သူသည်ပြုဖူးသည်အတိုင်း သူ၌ပြုကြလော့။
50:16 ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသောသူနှင့် စပါးရိတ်သောသူတို့ကို ပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ဓားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ပြန်သွား၍၊ မိမိတို့ပြည်သို့ ပြေးကြလိမ့်မည်။
50:17 ဣသရေလသည် အရပ်ရပ်သို့လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ယှက်ကြပြီ။ အာရှုရိရှင်ဘုရင်သည် ရှေ့ဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။
50:18 ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည်နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေးမည်။
50:19 ဣသရေလကို သူ၏နေရင်းအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့် ဗာရှန်တောင်ပေါ်မှာကျက်စား၍၊ ဧဖရိမ်တောင်နှင့် ဂိလဒ်တောင်ပေါ်မှာ ဝလိမ့်မည်။
50:20 ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြောသော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကို ရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏အပြစ်ကို ငါဖြေရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
50:21 ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သောပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကို အကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်းပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
50:22 ထိုပြည်၌ စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
50:23 မြေတစ်ပြင်လုံးကို ရိုက်နှက်သော သံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
50:24 အို ဗာဗုလုန်မြို့၊ သင့်အဖို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
50:25 ထာဝရဘုရားသည် လက်နက်စုံတိုက်တော်ကိုဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသောအမှုပေတည်း။
50:26 မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် တိုက်ကြလော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြလော့။
50:27 သူ၏ နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသောအချိန်ရောက်လေပြီ။
50:28 ငါတို့ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသတင်းကို ဇိအုန်မြို့၌ ကြားပြောအံ့သောငှာ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံကို ကြားရ၏။
50:29 လေးသမားတို့ကို ဗာဗုလုန်မြို့သို့ ခေါ်ကြလော့။ ပစ်တတ်သောသူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သား တစ်ယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြလော့။ သူပြုဖူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရားတစ်ဖက်၌ ဝါကြွားပြီတကား။
50:30 ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
50:31 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို မာနကြီးသောသူ၊ သင့်တစ်ဖက်၌ ငါနေ၏။ အကယ်စင်စစ် သင်၏အချိန်၊ ဆုံးမခြင်းကိုခံရသောအချိန်ရောက်လေပြီ။
50:32 မာနကြီးသောသူသည် ထိမိ၍လဲပြီးမှ အဘယ်သူမျှ မကြွရ။ ငါသည်လည်း သူ့နေရာမြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသော သူအပေါင်းတို့ကိုလောင်လိမ့်မည်ဟု မိန့်တော်မူ၏။
50:33 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွ ယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကို သိမ်းသွားသောသူရှိသမျှတို့သည် ချုပ်ထားပြီးလျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။
50:34 သို့ရာတွင်၊ သူတို့ကိုရွေးနုတ်သောသခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည် သူတို့အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ်စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ယှက်လျက် ပြုတော်မူမည်။
50:35 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဓားဘေးသည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။
50:36 ဓားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ဓားဘေးသည် ထိုမြို့သား စစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
50:37 ဓားဘေးသည် မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့ အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဓားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည် လုယူကြလိမ့်မည်။
50:38 ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုပြည်သည် ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
50:39 ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုတ်ငှက်တို့သည်လည်း နေရာကျကြလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
50:40 သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ နီးစပ်သော မြို့များကို ဘုရားသခင် ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှ မနေရ၊ လူသားတစ်စုံတစ်ယောက်မျှ နေရာမကျရဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
50:41 ကြည့်ရှုလော့။ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှလာ၏။ ကြီးစွာသောလူမျိုးနှင့် များစွာသော ရှင်ဘုရင်တို့သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။
50:42 လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဗာဗုလုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
50:43 သူတို့၏သတင်းကို ဗာဗုလုန်ရှင်ဘုရင်သည်ကြား၍ လက်အားလျော့၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမ ခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကိုလည်းကောင်းခံရ၏။
50:44 ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှတက်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့ တက်သောအခါ၊ နေသောသူသည် ချက်ချင်းပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း ဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
50:45 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့တစ်ဖက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် အားမရှိသောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။
50:46 ဗာဗုလုန်မြို့ကို တိုက်ယူသောအသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုးတို့သည် ကြားရကြ၏။