Jeremiah 7
7:1 ထာဝရဘုရား၏အထံတော်က နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန်တော်တံခါးဝ၌ ရပ်လျက် ကြွေးကြော်ရမည့်စကားဟူမူကား၊
7:2 ထာဝရဘုရားကို ကိုးကွယ်ခြင်းငှာ၊ ဤတံခါးတို့အတွင်းသို့ဝင်သော ယုဒအမျိုးသားအပေါင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
7:3 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဘာသာဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။
7:4 ဤသည်ကား၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သတည်းဟု မုသားစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။
7:5 သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များတို့ကို စုံလင်စွာ ပြုပြင်လျှင်လည်းကောင်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်လည်းကောင်း၊
7:6 ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတစ်ပါးသောဘုရားတို့ကို မချဉ်းကပ်ဘဲနေလျှင်လည်းကောင်း၊
7:7 သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ်ပေးသောပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
7:8 အကျိုးမရှိဘဲ မုသားစကားကိုပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
7:9 သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊
7:10 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဖွယ်သော အမှုအလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နုတ်တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက်ရကြမည်လော။
7:11 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ဓားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါ့ကိုယ်တိုင်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
7:12 ရှေ့ဦးစွာ ငါ၏နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဖူးသည်ကို ကြည့်ရှုကြလော့။
7:13 ယခုတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်လည်းကောင်း၊ ငါသည် စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်လည်းကောင်း၊
7:14 ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။
7:15 သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှငါနှင်ထုတ်မည်။
7:16 သင်သည်လည်း ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏စကားကို ငါနားမထောင်။
7:17 သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ပြုကြသောအမှုကို မမြင်သလော။
7:18 ငါ့ကို နှောင့်ယှက်မည်အကြံနှင့်၊ ကောင်းကင်မိဖုရားအဖို့ မုန့်ပြားတို့ကိုလုပ်၍၊ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော်သကာကို ပြုခြင်းငှာ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့်ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။
7:19 ထိုသို့ပြု၍ ငါ့ကိုနှောင့်ယှက်ကြသလော။ မိမိတို့ မျက်နှာကိုဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့်ယှက်ကြသည် မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
7:20 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေအသီးအနှံအပေါ်မှာ ငါသည် ဒေါသအမျက်မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။
7:21 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာယဇ်များကို အခြားသောယဇ်များနှင့် အတူထား၍၊ အမဲသားကို စားကြလော့။
7:22 အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။
7:23 ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြလိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကိုစောင့်လိုသောငှာ၊ ငါစီရင်သမျှသောတရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။
7:24 သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောနှလုံး ခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။
7:25 သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည်နေ့တိုင်းစောစောထ၍၊ ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊
7:26 သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက် သာ၍ဆိုးသွမ်းကြ၏။
7:27 သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။
7:28 သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကားကိုမပြော၊ သစ္စာပျက်သောအမျိုးဖြစ်သည်ဟု သူတို့အားပြောဆိုရမည်။
7:29 သင်၏သစ္စာဆံပင်ကိုရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကိုပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သောအမျိုးကို စွန့်ပစ်တော်မူပြီ။
7:30 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသားတို့သည် ငါ့ရှေ့မှာ ဆိုးသောအမှုကို ပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကိုညစ်ညူးစေခြင်းငှာ၊ ရွံရှာဖွယ်သောအရာတို့ကို သွင်းထားကြပြီ။
7:31 ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှာ ဟိန္နုံသား၏ချိုင့်၌ရှိသော တောဘက်ကုန်းတို့ကို တည်ကြပြီ။
7:32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကိုတောဘက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဘက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
7:33 ဤလူမျိုးအသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဖို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။
7:34 ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံနှင့် မင်္ဂလာဆောင် သတို့သမီးအသံကို ငါစဲစေမည်။ တစ်ပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။