Jeremiah 6
6:1 အို ဗင်္ယာမိန်အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲကထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှူးကို မြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသောပျက်စီးခြင်း အကြောင်းအရာသည် မြောက်မျက်နှာက ပေါ်လာ၏။
6:2 အဆင်းလှ၍ နူးညံ့သိမ်မွေ့သောသူတည်းဟူသော ဇိအုန်သတို့သမီးကို ငါဖျက်ဆီးမည်။
6:3 သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့လာ၍၊ သူ့တစ်ဖက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။
6:4 သူ့ကို စစ်တိုက်ခြင်းငှာပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ခက်လှ၏။ မွန်းလွဲပြီ။ မိုးချုပ်လေပြီ။
6:5 ထကြ။ ညအခါတက်သွား၍၊ သူ၏ဘုံဗိမာန်တို့ကို ဖျက်ဆီးကြကုန်အံ့ဟု ဆိုကြလိမ့်မည်။
6:6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တစ်ဖက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့သည် ဆုံးမစရာကောင်းသောမြို့ ဖြစ်၏။ မြို့ထဲ၌ ညှဉ်းဆဲခြင်းသက်သက် ရှိ၏။
6:7 စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာများကို အစဉ်ငါမြင်ရ၏။
6:8 အို ယေရုရှလင်မြို့၊ ဆုံးမခြင်းကိုခံလော့။ သို့မဟုတ်၊ သင့်ကိုငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
6:9 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသောအရာကိုလိုက်၍ အကုန်အစင်ဆွတ်ကြလိမ့်မည်။ စပျစ်သီးဆွတ်သော သူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တစ်ဖန်သွင်းဦးလော့။
6:10 သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ်သူကို ငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော်ကို မနှစ်သက်ကြ။
6:11 ထိုကြောင့်၊ ငါသည် ထာဝရဘုရား၏အမျက်တော်နှင့် ပြည့်ဝ၏။ အောင့်၍ မနေနိုင်။ လမ်း၌ရှိသော သူငယ်များနှင့် စုဝေးသော လူပျိုများအပေါ်သို့ အမျက်တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကိုလည်းကောင်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကိုလည်းကောင်း သိမ်းသွားမည်။
6:12 သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတစ်ပါးလက်သို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6:13 အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသားကိုသုံးကြ၏။
6:14 ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။
6:15 သူတို့သည် ရွံရှာဖွယ်သော အမှုကိုပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာ မပျက်ကြ။ ထိုကြောင့်၊ တစ်ယောက်နောက်တစ်ယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6:16 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
6:17 ငါကလည်း၊ တံပိုးမှုတ်သံကိုနားထောင်ကြလော့ဟု ဆိုလျက်၊ သင်တို့အပေါ်၌ ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြောကြ၏။
6:18 သို့ဖြစ်၍၊ အို တစ်ပါးအမျိုးသားတို့၊ နားထောင်ကြလော့။ တစ်ပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ်တို့၊ သိမှတ်ကြလော့။
6:19 အို မြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ငါ့တရားကိုလည်းငြင်းပယ်သောကြောင့်၊ သူတို့အလိုအလျောက် ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ ငါသက်ရောက်စေမည်။
6:20 ရှေဘပြည်မှ လောဗန်ကိုလည်းကောင်း၊ ဝေးသောပြည်မှ မွှေးသောကြံကိုလည်းကောင်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့သနည်း။ သင်တို့မီးရှို့ရာယဇ်တို့ကို ငါအလိုမရှိ။ ပူဇော်သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။
6:21 ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့် သားတို့သည် ထိမိ၍ လဲကြလိမ့်မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူပျက်စီးကြလိမ့်မည်။
6:22 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာသောလူမျိုးကို မြေကြီးစွန်းမှ ငါနှိုးဆော်မည်။
6:23 လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
6:24 ထိုသတင်းကို ငါတို့သည်ကြား၍ လက်အားလျော့ကြ၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကိုလည်းကောင်း ခံရကြ၏။
6:25 တောသို့ မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ဓားပါ၏။ အရပ်ရပ်၌ ဘေးရှိ၏။
6:26 အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တစ်ယောက်တည်းသောသားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာမြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ကို ချက်ချင်းတိုက်လိမ့်မည်။
6:27 သင်သည် ငါ၏လူမျိုးကျင့်သော အကျင့်ဓလေ့တို့ကို စစ်၍သိမည်အကြောင်း၊ စစ်သောသူအရာ၌ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။
6:28 ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သောသူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက် ဖြစ်ကြ၏။
6:29 ဖိုကို မီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သောသူသည်မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ်မပယ်နိုင်။
6:30 ထိုသူတို့ကို ပယ်သောငွေဟူ၍ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။