Lamentations 5
5:1 အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကို ကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
5:2 အကျွန်ုပ်တို့ အမွေခံရာမြေသည် တစ်ပါးအမျိုးသားလက်သို့လည်းကောင်း၊ နေရာအိမ်တို့သည်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့ လက်သို့လည်းကောင်း ရောက်ပါပြီ။
5:3 အကျွန်ုပ်တို့သည် မိဘမရှိသောသူငယ် ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည် မုဆိုးမကဲ့သို့နေရပါ၏။
5:4 ငွေပေးမှ ရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
5:5 ထမ်းပိုးကို အစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။
5:6 စားစရာကိုရခြင်းငှာ အဲဂုတ္တုပြည်သား၊ အာရှုရိပြည်သားတို့၌ ကျွန်ခံရပါ၏။
5:7 ဘိုးဘေးတို့သည် ပြစ်မှား၍ သေပြီးမှ၊ အကျွန်ုပ်တို့သည် သူတို့ အပြစ်များကို ခံရပါ၏။
5:8 သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ်မနုတ်ပါ။
5:9 တော၌ ဓားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
5:10 မွတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
5:11 ဇိအုန်မြို့၌ မိန်းမများကိုလည်းကောင်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကိုလည်းကောင်း၊ အဓမ္မပြုကြပါ၏။
5:12 မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။
5:13 လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာ လဲရကြပါ၏။
5:14 အသက်ကြီးသူတို့သည် မြို့တံခါးဝ၌လည်းကောင်း၊ လူပျိုတို့သည် ပွဲသဘင်၌လည်းကောင်း ကွယ်ပျောက်ကြပါ၏။
5:15 အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်းရှိကြပါ၏။
5:16 အကျွန်ုပ်တို့ဆောင်းသော သရဖူသည် ကျပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာရှိကြပါ၏။
5:17 ထိုကြောင့် အကျွန်ုပ်တို့သည် စိတ်ပျက်ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်းမွဲကြပါ၏။
5:18 လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
5:19 အို ထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စအမြဲတည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင်ဖြစ်ပါ၏။
5:20 ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
5:21 အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို အထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြုပြင်တော်မူပါ။
5:22 အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရှင်းရှင်းပယ်တော်မူမည်လော။ ပြင်းစွာ အမျက်ထွက်တော်မူမည်လော။ ပရောဖက်ယေရမိမြည်တမ်းသောစကားပြီး၏။