Lamentations 4
4:1 ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖောက်ပြန်သည်တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသောလမ်းဝတို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။
4:2 အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဖိုးထိုက်သော ဇိအုန်မြို့သားတို့ကို၊ အိုးထိန်းသမားလုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား။
4:3 မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကိုပေး၍ နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုတ်ငှက်ကဲ့သို့ ကြမ်းကြုတ်သောသဘောရှိ၏။
4:4 နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကိုတောင်း၍ အဘယ်သူမျှမပေး။
4:5 ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ၊ လမ်း၌နေကြ၏။ နီမောင်းသော အိပ်ရာပေါ်မှာ ပျော်မွေ့ဖူးသော သူတို့သည် နောက်ချေးပုံကို ဖက်ရကြ၏။
4:6 အဘယ်သူမျှ အားမထုတ်ဘဲ ချက်ချင်းပျက်စီးခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသော အပြစ်ဒဏ်ထက်၊ ငါ၏လူမျိုး သတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။
4:7 သူ၏မှူးမတ်တို့သည် မိုးပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက် နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။
4:8 ယခုမူကား၊ သူတို့အဆင်းသည် မှောင်မိုက်ထက်မည်းသည်ဖြစ်၍ လမ်း၌မထင်ရှား။ သူတို့အရေသည် အရိုး၌ကပ်၍ ထင်းကဲ့သို့ သွေ့ခြောက်လေ၏။
4:9 ဓားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေသောသူထက်သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖောက်၍ ပိန်ကြုံရ၏။
4:10 စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့သားကိုပင် ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသောကာလ၌ မိမိတို့သားကိုပင် စားရကြ၏။
4:11 ထာဝရဘုရားသည် အမျက်တော်ကို စုံလင်စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ်တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။
4:12 ရန်ပြုသောသူနှင့် စစ်တိုက်သောသူသည် ယေရုရှလင်မြို့ တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီရှင်ဘုရင်နှင့် လောကီသတ္တဝါ တစ်စုံတစ်ယောက်မျှ မယုံကြ။
4:13 ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သောသူတို့ကို သတ်တတ်သော မြို့သားပရောဖက်တို့၏ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။
4:14 ထိုသူတို့သည် အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ်သူမျှ မထိဝံ့။
4:15 သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြ၊ သွားကြ။ မထိကြနှင့်ဟု သူတစ်ပါးတို့သည် ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။
4:16 ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ကို ကွဲပြားစေတော်မူပြီ။ သူတို့အမှုကို ကြည့်ရှုတော်မမူ။ သူတစ်ပါးတို့သည်လည်း၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ၏။
4:17 ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မျှော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ်မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။
4:18 ငါတို့သည် လမ်း၌မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည် ဆုံးချိန်နီးပြီ။ အသက်ရှင်ရသောကာလ စေ့ပြီ။ ဆုံးချိန်ရောက်လေပြီ။
4:19 ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုးကောင်းကင်ရွှေလင်းတထက် သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာ လိုက်ရှာကြ၏။ တော၌လည်း ချောင်းမြောင်းကြ၏။
4:20 ငါတို့ ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရဘုရားသည်ပေးတော်မူ၍ ဘိသိက်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဖမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည် သာသနာပလူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။
4:21 ဥဇပြည်၌နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက်ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွားလိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။
4:22 အို ဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တစ်ဖန် သိမ်းသွားခြင်းကိုမခံရ။ အို ဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကိုစစ်ကြော၍ သင်၏အပြစ်ကိုဖော်ပြတော်မူမည်။