Ezekiel 12
12:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12:2 အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။
12:3 သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှာ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတစ်ပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။
12:4 နေရာပြောင်းစရာဖို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့၊ သင်၏ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။
12:5 သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာပရိကံများကို ထုတ်သွားလော့။
12:6 ညဥ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှာ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊
12:7 ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကို နေ့အချိန်၌ထုတ်၍၊ ညအချိန်၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖောက်ပြီးမှ၊ ညဥ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်းသွား၏။
12:8 နံနက်အချိန်၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12:9 အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလအမျိုးက၊ သင်သည် အဘယ်သို့ပြုသနည်းဟု သင့်အားမေးသည်ရှိသော်၊
12:10 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရသောမင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသားအပေါင်းတို့နှင့် ဆိုင်ပေ၏။
12:11 ငါသည်သင်တို့၏နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
12:12 သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဥ့်ဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဖို့ အုတ်ရိုးကို တူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကို ဖုံးရလိမ့်မည်။
12:13 ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည် ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကိုမမြင်ရ။
12:14 သူ့ကိုမစခြင်းငှာ ဝိုင်းသောသူတို့နှင့် တပ်သားအပေါင်းတို့ကို အရပ်ရပ်သို့ ဖြန့်ကြဲမည်။ သူတို့နောက်၌လည်း ဓားကိုလွှတ်လိုက်မည်။
12:15 လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ဖြန့်ကြဲသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။
12:16 သို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဖူးသော စက်ဆုပ်ရွံရှာဖွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တစ်ပါးအမျိုးသားနေရာပြည်တို့၌ ဖော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
12:17 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12:18 အချင်းလူသား၊ တုန်လှုပ်လျက် အစာကိုစားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။
12:19 အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက် ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည်သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
12:20 လူနေသော မြို့တို့သည်လည်း ပျက်စီး၍၊ တစ်ပြည်လုံး ဆိတ်ညံလျက် ရှိရလိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
12:21 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
12:22 အချင်းလူသား၊ နေ့ရက်ကာလ ရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့နည်း။
12:23 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တစ်ဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟု ပြောလော့။
12:24 နောက်တစ်ဖန် ဣသရေလအမျိုး၌ အချည်းနှီးသော ရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။
12:25 ငါသည် ထာဝရဘုရား ဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
12:26 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12:27 အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေးသောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆိုကြ၏။
12:28 သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကား ပြည့်စုံချိန်မရွေ့ရ။ ငါပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။