Ezekiel 13
13:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
13:2 အချင်းလူသား၊ ကိုယ်အလိုအလျောက်ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တစ်ဖက်၌ ဟောပြောလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။
13:3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက်တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။
13:4 အို ဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့်တူကြ၏။
13:5 ဣသရေလအမျိုးသည် ထာဝရဘုရား၏နေ့ရောက်မှ စစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက်အပေါ်သို့ တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲနေကြ၏။
13:6 အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရား မိန့်တော်မူသည်ဟု ဆိုလျက်၊ လှည့်စား၍ ပရောဖက်ပြုကြပြီ။ ကိုယ်စကားပြည့်စုံမည်ဟု သူတစ်ပါးယုံစေခြင်းငှာ ပြုကြပြီ။
13:7 ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသောအရာကို မြင်ကြပြီမဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ်လော့။
13:8 ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကိုပြော၍ မုသားရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့တစ်ဖက်၌နေ၏။
13:9 အချည်းနှီးသောအရာကိုမြင်၍ မုသားစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌ နေရာမချရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
13:10 ငြိမ်သက်ခြင်း မရှိသော်လည်း၊ ငြိမ်သက်ခြင်းရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသောကြောင့်လည်းကောင်း၊ တစ်ယောက်ကား အုတ်ရိုးကိုတည်လျက်၊ တစ်ယောက်ကား အင်္ဂတေနှင့်မွမ်းမံလျက် ပြုသောကြောင့်လည်းကောင်း၊
13:11 ထိုအုတ်ရိုးသည် ပြိုလဲမည်ဟု အင်္ဂတေနှင့် မွမ်းမံသောသူတို့အား ပြောလော့။ မိုးရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသောမိုးသီး ကျလိမ့်မည်။ မိုးသက်မုန်တိုင်းတိုက်ဖျက်လိမ့်မည်။
13:12 ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတစ်ပါးမေးလိမ့်မည် မဟုတ်လော။
13:13 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုးသက်မုန်တိုင်းအားဖြင့်တိုက်၍ ဖျက်မည်။ ငါ၏ဒေါသအရှိန်ကြောင့် မိုးရေလွှမ်းမိုး၍၊ ကြီးစွာသောမိုးသီးနှင့် ဆုံးစေမည်။
13:14 ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသောအုတ်ရိုးကို မြေတိုင်အောင်ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။
13:15 ထိုသို့ အုတ်ရိုး၌လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌လည်းကောင်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုးမရှိ ဟူ၍လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊
13:16 ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့အဖို့ ငြိမ်သက်ခြင်းရူပါရုံကိုမြင်၍ ဟောပြောသော ဣသရေလပရောဖက်များ မရှိကြဟူ၍လည်းကောင်း၊ သူတို့အားငါပြောမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
13:17 ထိုမှတစ်ပါး၊ အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရောဖက်ပြုသော သင်၏အမျိုးသမီးတို့တစ်ဖက်၌ မျက်နှာပြု၍၊
13:18 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကိုဖမ်းခြင်းငှာ ခပ်သိမ်းသောသူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထားသောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကိုဖမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။
13:19 မုယောဆန် တစ်လက်ဆွန်းနှင့် မုန့်တစ်ဖဲ့ကိုရအံ့သောငှာ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသားစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသားစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။
13:20 ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင်ဖမ်းလျက်၊ သုံးတတ်သော ခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု၍ သင်တို့နံပါးမှ ဆွဲနုတ်ပြီးလျှင်၊ သင်တို့ရအောင်ဖမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည်။
13:21 သင်တို့ဦးထုပ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏လူတို့ကို သင်တို့လက်မှ ကယ်နုတ်မည်။ နောက်တစ်ဖန် သူတို့သည် အဖမ်းခံ၍၊ သင်တို့လက်သို့ မရောက်ရကြ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
13:22 ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့သည် မုသားစကားအားဖြင့် ညှိုးငယ်စေသောကြောင့်လည်းကောင်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှာ အသက်ချမ်းသာပေး၍၊ သူတို့ကို ခိုင်မာစေသောကြောင့်လည်းကောင်း၊
13:23 နောက်တစ်ဖန် သင်တို့သည် အချည်းနှီးသောအရာကို မမြင်ရကြ။ ပရောဖက်ပြု၍ မဟောရကြ။ ငါ၏လူတို့ကို သင်တို့လက်မှ ငါကယ်နုတ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။