Ezekiel 15
15:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
15:2 အချင်းလူသား၊ သစ်တော၌ သစ်ခက် သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သားထက် မြတ်သောအရာ တစ်စုံတစ်ခုရှိသလော။
15:3 တစ်စုံတစ်ခုကိုလုပ်အံ့သောငှာ စပျစ်နွယ်သားကို ယူတတ်သလော။ တစ်စုံတစ်ခုကို ဆွဲထားစရာတံစို့ကို စပျစ်နွယ်သားဖြင့် လုပ်တတ်သလော။
15:4 ထင်းဖို့ မီးထဲသို့ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင်တတ်သလော။
15:5 မီးမလောင်မီ အသုံးမဝင်လျှင်၊ မီးလောင်၍ကျွမ်းပြီးမှ အသုံးမဝင်ဟု သာ၍ဆိုဖွယ်ရှိသည် မဟုတ်လော။
15:6 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တောသစ်ပင်တွင် မီးမွေးစရာထင်းဖို့ ငါအပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ်မည်။
15:7 သူတို့တစ်ဖက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတစ်ပုံမှထွက်၍ တစ်ပုံ၌လောင်လိမ့်မည်။ သူတို့တစ်ဖက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
15:8 သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသောကြောင့်၊ ငါသည် သူတို့ပြည်ကို လူဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။