Ezekiel 14
14:1 ဣသရေလအမျိုး အသက်ကြီးသူအချို့တို့သည်လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။
14:2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
14:3 အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့မေးလျှောက်ခြင်းကို ငါခံရမည်လော။
14:4 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက် ပရောဖက်ထံသို့ ရောက်လာ၏။ ထိုသူ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။
14:5 ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့စိတ်သဘောရှိသည်နှင့်အညီ ငါဖမ်းမည်။ ထိုသူအပေါင်းတို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့် ကွာဝေးကြပြီ။
14:6 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။
14:7 ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်းခြင်းငှာ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊
14:8 ထိုသူတစ်ဖက်၌ ငါသည်မျက်နှာထား၍ သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်း ဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
14:9 ပရောဖက်သည် ဟောပြော၍ မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရား မှားယွင်းစေ၏။ ထိုသူကို ငါသည်ဒဏ်ခတ်၍၊ ငါ၏ ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။
14:10 သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက်ကို ဆည်းကပ်သောသူ ခံရသောဒဏ်နှင့် တူရလိမ့်မည်။
14:11 ထိုသို့ဖြစ်လျှင်၊ နောက်တစ်ဖန် ဣသရေလအမျိုးသည် ငါ့ကိုမစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်းအပြစ်ရှိသမျှတို့နှင့် နောက်တစ်ဖန် မညစ်ညူးဘဲ၊ ငါ၏လူ ဖြစ်ရကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
14:12 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
14:13 အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ်လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည် လက်ကိုဆန့်၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရကိုခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
14:14 နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော်လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရသောအခွင့် ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
14:15 သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှ မနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊
14:16 ထိုသူသုံးယောက် ရှိသော်လည်း၊ ငါ၏အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်နုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။
14:17 သို့မဟုတ်၊ အိုဓား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ဓားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
14:18 ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်ရ၊ ကိုယ်တိုင်သာ ချမ်းသာရကြလိမ့်မည်။
14:19 သို့မဟုတ်၊ ထိုပြည်၌ ကာလနာကို ငါစေလွှတ်သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှာ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊
14:20 နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
14:21 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီးတတ်သော သားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ၊ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။
14:22 သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်း သားသမီးအချို့ ရှိကြလိမ့်မည်။ သူတို့သည် သင်တို့ရှိရာသို့ ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာခြင်းရှိကြလိမ့်မည်။
14:23 သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရုရှလင်မြို့ကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကို သိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။