Ezekiel 17
17:1 တစ်ဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
17:2 အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ပုံပြောလျက်၊
17:3 ထာဝရဘုရား မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသောအဆင်းအရောင်၊ များပြားသောအမွေးနှင့် ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသော ရွှေလင်းတကြီးသည် လေဗနုန်တောင်သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊
17:4 အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌စိုက်လေ၏။
17:5 မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုးမခပင်ကဲ့သို့ ထားလေ၏။
17:6 အရပ်နိမ့်လျက် ရှည်လျားစွာနွယ်သော စပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကို ရွှေလင်းတရှိရာသို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်းအခက် အလက်အညွန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင်ဖြစ်လေ၏။
17:7 အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတစ်ကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှာ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။
17:8 အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှာ ရေများရာအရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။
17:9 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှာ အမြစ်ကိုနုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှာ ကြီးသောတန်ခိုး၊ များပြားသောအလုံးအရင်းကို အလိုမရှိ။
17:10 စိုက်လျက်ရှိ၍ ကောင်းစားရမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရလိမ့်မည်ဟု မိန့်တော်မူ၏။
17:11 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
17:12 ပုန်ကန်တတ်သော အမျိုးအားသင်ပြောရမည်မှာ၊ ဤစကား အဘယ်သို့ဆိုလိုသည်ကို နားလည်ကြသလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားပြီ။
17:13 ဆွေတော်မျိုးတော်ထဲက တစ်ယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
17:14 ထိုနိုင်ငံသည်ယုတ်ညံ့၍ နောက်တစ်ဖန်မထမကြွဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာတည်စေခြင်းငှာ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။
17:15 သို့ရာတွင်၊ မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှာ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွှတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှ လွတ်ရမည်လော။
17:16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။
17:17 ဖာရောဘုရင်သည်လည်း လူများတို့ကိုသတ်ခြင်းငှာ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဖို့စစ်တိုက်၍ မနိုင်ရာ။
17:18 အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ဘေးမှမလွတ်ရ။
17:19 ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကိုမရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ်ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
17:20 ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။
17:21 သူ့ထံမှပြေးသောသူများနှင့် သူရဲများအပေါင်းတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
17:22 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သောအာရဇ်ပင်၌ အမြင့်ဆုံးသောအညွန့်ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာ ငါစိုက်ပျိုးမည်။
17:23 အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါစိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင် ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌လည်းကောင်း၊ အခက်အလက်အရိပ်၌လည်းကောင်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။
17:24 ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။