Ezekiel 18
18:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
18:2 အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
18:3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း နောက်တစ်ဖန် ဣသရေလပြည်၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
18:4 ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။
18:5 လူမည်သည်ကား၊ သဘောဖြောင့်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကို ပြုလျှင်လည်းကောင်း၊
18:6 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
18:7 အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းလျှင်လည်းကောင်း၊
18:8 အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတစ်ပါးအမှုကို တရားသဖြင့်စီရင်ခြင်း၊
18:9 ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာစောင့်ခြင်းကို ပြုလျှင်လည်းကောင်း၊ ထိုသူသည် ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
18:10 သို့ရာတွင်၊ ထိုသူ၏သားသည် ဓားပြတိုက်သောသူ၊ လူအသက်ကို သတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစ်စုံတစ်ခုကို ပြုသောသူ၊
18:11 အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
18:12 ဆင်းရဲငတ်မွတ်သောသူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံရှာဖွယ်သော အမှုကိုပြုခြင်း၊
18:13 အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
18:14 သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှသော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
18:15 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
18:16 အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းခြင်း၊
18:17 ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုးမစားဘဲငွေချေးခြင်းကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည် အဘ၏အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
18:18 အဘမူကား၊ မိမိညီအစ်ကိုကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
18:19 သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏အပြစ်ကို မခံရသလောဟု မေးကြသော်၊ သားသည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
18:20 ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကို မခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်း အကျိုးကိုလည်းကောင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကိုလည်းကောင်း ခံရလိမ့်မည်။
18:21 သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကို ပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ် အသက်ရှင်ရလိမ့်မည်။
18:22 ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူ့တစ်ဖက်၌မမှတ်ရ။ ပြုမိသော ဖြောင့်မတ်ခြင်းအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
18:23 မတရားသောသူသည် မိမိအကျင့်တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည် အနည်းငယ်သောပျော်မွေ့ခြင်း ရှိသလော။
18:24 သို့ရာတွင် တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုလည်းကောင်း၊ မတရားသောသူပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကိုလည်းကောင်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
18:25 သို့သော်လည်း သင်တို့က၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော။
18:26 တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကိုပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသောအဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
18:27 ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကိုရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နုတ်ရလိမ့်မည်။
18:28 ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။
18:29 သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည် မဟုတ်လော။
18:30 သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
18:31 သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကိုစွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။
18:32 အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။