Ezekiel 27
27:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
27:2 အချင်းလူသား၊ တုရုမြို့အတွက် မြည်တမ်းခြင်းကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊
27:3 အို ပင်လယ်ဝ၌တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဖို့ ကုန်သွယ်တတ်သောမြို့၊ သင့်ကို အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။
27:4 သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှာ ပြုကြပြီ။
27:5 သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရှူးသစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဖို့ လေဗနုန်အာရဇ်ပင်တို့ကို ယူကြပြီ။
27:6 ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကိုလည်းကောင်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့် တို့ကိုလည်းကောင်း လုပ်ကြပြီ။
27:7 အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက်တို့ကိုဖြန့်၍၊ ဧလိရှကျွန်းတို့မှ ယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့်လုပ်သော မျက်နှာကြက်နှင့် ပြည့်စုံ၏။
27:8 ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘောသားဖြစ်၍၊ တုရုပညာရှိတို့သည် လမ်းပြမာလိန်ဖြစ်ကြ၏။
27:9 ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင်လျက် လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ်ခြင်းငှာ ပါကြ၏။
27:10 ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။
27:11 အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေကြ၏။
27:12 သင်၌ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့် ကုန်သွယ်ခြင်းကို ပြုလေ၏။
27:13 ယာဝန်မြို့၊ တုဗလမြို့၊ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။
27:14 တောဂါမအမျိုးသားတို့သည် မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
27:15 ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ များစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့သည် သင်လုပ်သောဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သားနက်ကိုပြန်ပေးကြ၏။
27:16 သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ပြာသောအထည်၊ ခြယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
27:17 ယုဒပြည်နှင့် ဣသရေလပြည်သည် သင်နှင့်ကုန်သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကိုသင့်ဈေး၌ သွင်းကြ၏။
27:18 ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖလှယ်လျက် ဖောက်ကားတတ်၏။
27:19 ဝေဒန်မြို့နှင့် ယာဝန်ပြည် ဥဇာလမြို့သည်လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။
27:20 ဒေဒန်မြို့သည် မြင်းစီးသူရဲသုံးစရာ ချောသောအထည်မျိုးကိုရောင်း၍ သင်နှင့်ကုန်သွယ်၏။
27:21 အာရပ်ပြည်နှင့် ကေဒါမင်းအပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှာ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖလှယ်၍ ကုန်သွယ်ကြ၏။
27:22 ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဖိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကို သင့်ဝိုင်း၌ သွင်းကြ၏။
27:23 ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်၊ ခိလမဒ်ကုန်သည်တို့လည်း၊ သင်နှင့်ကုန်သွယ်၍၊
27:24 ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ခြယ်လှယ်သောအထည်၊ အဖိုးထိုက်သော အဝတ်တန်ဆာပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ကုန်ထဲသို့ သွင်းကြ၏။
27:25 တာရှုသင်္ဘောသားတို့သည် သင်၏ကုန်ကိုဆောင်လျက် သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။
27:26 ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကို ကြီးစွာသောရေထဲသို့ ဆောင်သွား၍၊ အရှေ့လေသည်လည်း ပင်လယ်အလယ်၌ ချိုးလေပြီ။
27:27 သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘောသား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်း ပါသမျှတို့သည် ပင်လယ်အလယ်၌ကျရကြလိမ့်မည်။
27:28 သင်၏လမ်းပြမာလိန်တို့အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။
27:29 တက်ခတ်သောသူအပေါင်းတို့သည် သင်္ဘောမှဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြ မာလိန်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊
27:30 သင့်အဖို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့်မည်။ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ ပြာ၌လူးကြလိမ့်မည်။
27:31 ဆံပင်ကိုလည်းဖြတ်၍ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဖို့ ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊
27:32 ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။
27:33 သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့်ထွက်သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြားသောဥစ္စာ၊ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
27:34 ယခုမူကား၊ သင်သည် ပင်လယ်၌လည်းကောင်း၊ သင့်ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌လည်းကောင်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူ အပေါင်းတို့သည် ဆုံးရှုံးကြပြီ။
27:35 ကျွန်းသူကျွန်းသားအပေါင်းတို့သည် သင့်အမှုကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာပျက်လျက် ကြက်သီးမွေးညင်း ထကြ၏။
27:36 အမျိုးမျိုးသော ကုန်သည်တို့သည် သင့်အားကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဖွယ်ဖြစ်လေပြီတကား။ နောက်တစ်ဖန် မပေါ်လာရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။