Ezekiel 26
26:1 သက္ကရာဇ်ဆယ်တစ်ခု၊ ပထမတစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
26:2 အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံတို့၏တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည်ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသောကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တစ်ဖက်၌ ဆိုမိသောကြောင့်၊
26:3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တစ်ဖက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတံပိုးတက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍ တိုက်စေမည်။
26:4 သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည်။ မြေမှုန့်ကို ငါခြစ်ခွာ၍ ရှင်းလင်းသောကျောက်ကဲ့သို့ ဖြစ်စေမည်။
26:5 ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာအရပ် ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ လူမျိုးလုယူရာ ဖြစ်ရလိမ့်မည်။
26:6 လယ်ပြင်၌ရှိသော သမီးတို့သည် ဓားဖြင့်သေ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
26:7 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင်ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့မည်။
26:8 သူသည် လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ဓားနှင့်သတ်လိမ့်မည်။ သင့်တစ်ဖက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။
26:9 သင်၏မြို့ရိုး တစ်ဖက်တစ်ချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။
26:10 မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကိုဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သောမြို့ထဲသို့ ဝင်တတ်သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထားမျိုး မြည်သံ၊ မြင်းစီးသူရဲတို့အသံကြောင့် သင်၏မြို့ရိုးလှုပ်ရှားလိမ့်မည်။
26:11 မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကိုနင်းလျက်၊ သင်၏လူတို့ကို ဓားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။
26:12 သင်၏ဥစ္စာကို လုယူ၍ သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန်တို့ကို ဖျက်ပြီးလျှင်၊ သင်၏ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာချပစ်ကြလိမ့်မည်။
26:13 သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီးသောစောင်းသံကို နောက်တစ်ဖန် အဘယ်သူမျှမကြားရ။
26:14 သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ပိုက်ကွန်လှန်းရာအရပ်ဖြစ်ရလိမ့်မည်။ နောက်တစ်ဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
26:15 တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်းအမှုဖြစ်၍၊ ထိခိုက်သောသူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်းအသံကြောင့် တစ်ကျွန်းတစ်နိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။
26:16 သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်ကဆင်း၍၊ အင်္ကျီတော်ကိုလည်းကောင်း၊ ချယ်လှယ်သော အဝတ်တော်ကိုလည်းကောင်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကိုဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
26:17 သူတို့ကလည်း၊ အို ကျော်စောသောမြို့၊ ပင်လယ်သားနေ၍ ပင်လယ်၌ အားကြီးသောမြို့၊ ပင်လယ်သားအပေါင်းတို့ ရိုသေဖွယ်သော မြို့သားနှင့် ပြည့်စုံသောမြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အားဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
26:18 သင်ပြိုလဲသောနေ့တွင် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့်မည်။
26:19 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက်၊ ပင်လယ်ကို သင့်အပေါ်သို့ဆောင်ခဲ့၍၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ၊
26:20 ရှေးလူဟောင်းတို့နေရာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ သင့်ကိုငါနှိမ့်ချ၍၊ သင်၌ လူမနေစေခြင်းငှာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ၊ ရှေးကာလမှစ၍ ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ၌ ငါ့ဘုန်းကို ငါဖွင့်မည်။
26:21 သင်မူကား၊ ကြောက်မက်ဖွယ်သောအရာဖြစ်၍၊ နောက်တစ်ဖန် အဘယ်သူမျှ ရှာ၍မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ ရောက်လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။