Ezekiel 29
29:1 သက္ကရာဇ်ဆယ်ခု၊ ဒသမလ တစ်ဆယ်တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
29:2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းတစ်ဖက်၌ မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တစ်ပြည်လုံးတစ်ဖက်၌ ပရောဖက်ပြုလျက်၊
29:3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အို အဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များအလယ်၌ နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုတတ်သော မိကျောင်းကြီး၊ သင့်တစ်ဖက်၌ ငါနေ၏။
29:4 သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြစ်၌နေသော ငါးတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ်များအလယ်ထဲက သင့်ကိုငါနုတ်၍ မြစ်၌ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
29:5 သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါးတို့ကို တော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တစ်ဖန် စုဝေးခြင်းကိုမပြုရ။ တောသားရဲများ၊ မိုးကောင်းကင်ငှက်များ စားစရာဖို့ သင့်ကိုငါအပ်၏။
29:6 ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝှေး ဖြစ်လေပြီ။
29:7 သင့်ကို လက်နှင့်ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့်ကိုယ်ကိုထောက်သောအခါ သင်သည်ကျိုး၍ သူတို့ခါးကို နာစေ၏။
29:8 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင့်အပေါ်သို့ ဓားကိုဆောင်ခဲ့၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
29:9 အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီးလျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။ သင်က၊ ငါ့မြစ်ကိုငါပိုင်၏။ ငါဖန်ဆင်းပြီဟု ဆိုမိသောကြောင့်၊
29:10 သင်နှင့် သင့်မြစ်တစ်ဖက်၌ ငါနေ၏။ အဲဂုတ္တုပြည်ကို မိဂဒေါလမှစ၍ သုဏေမြို့တိုင်အောင်လည်းကောင်း၊ အဲသယောပိပြည် စွန်း တိုင်အောင်လည်းကောင်း၊ ဓားနှင့်ဖျက်ဆီး၍ ဆိတ်ညံစေမည်။
29:11 အနှစ်လေးဆယ်ပတ်လုံး လူလျှောက်၍မသွားရ။ တိရစ္ဆာန်လည်း လျှောက်၍မသွားရ။ အဘယ်သူမျှ မနေရ။
29:12 ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက်ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပျံ့လွင့်စေမည်။
29:13 သို့ရာတွင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက်နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေးစေမည်။
29:14 သိမ်းသွားခြင်းကိုခံရသော အဲဂုတ္တုလူတို့ကို ငါတစ်ဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
29:15 တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန် အစိုးမရစေခြင်းငှာ ငါရှုတ်ချမည်။
29:16 ဣသရေလအမျိုးသားတို့သည် ထိုပြည်သားတို့ကို မျှော်လင့်၍၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တစ်ဖန် ထိုပြည်သည် သူတို့ခိုလှုံရာ မဖြစ်ရာ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
29:17 သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပထမလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
29:18 အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တစ်ဖက်၌ များစွာသောအမှုကို ဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်း ခေါင်းတုံးပြီ။ ပခုံးလည်း ပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲတို့သည် တုရုမြို့တစ်ဖက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။
29:19 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအား ငါပေးမည်။ ထိုမင်းသည် ပြည်သား အလုံးအရင်းကိုလည်းကောင်း၊ လက်ရဥစ္စာ အမျိုးမျိုးကိုလည်းကောင်း၊ သိမ်းယူပြီးလျှင်၊ မိမိစစ်သူရဲတို့ အခဖို့ ဝေငှလိမ့်မည်။
29:20 ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့တစ်ဖက်၌ အမှုဆောင်ရွက်ခဖို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။
29:21 ထိုကာလ၌ ဣသရေလအမျိုး၏ ချိုကို ငါပေါက်စေ၍၊ သူတို့အထဲမှာ သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။