Ezekiel 30
30:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
30:2 အချင်းလူသား၊ သင်သည်ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ်ကြလော့။
30:3 ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုးအုံ့သောနေ့၊ တစ်ပါးအမျိုးသားဖို့ ချိန်းချက်သောအချိန်နီးပြီ။
30:4 ဓားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကိုပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။
30:5 အဲသယောပိပြည် သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သောလူရှိသမျှ၊ ခုဘအမျိုးသား၊ မိတ်သဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ဓားဖြင့်လဲ၍ သေကြလိမ့်မည်။
30:6 အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
30:7 ပျက်စီးသောပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသောမြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြလိမ့်မည်။
30:8 ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည်ပျက်စီးကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
30:9 ထိုအခါ စိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှာ၊ ငါစေလွှတ်သောတမန်တို့သည် သင်္ဘောစီး၍ သွားကြသဖြင့်၊ အဲဂုတ္တပြည်၏အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။
30:10 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည်၏ အလုံးအရင်းကို ငါဖြတ်မည်။
30:11 ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက်မက်ဖွယ်သောလူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှာလာ၍၊ ဓားကိုင်လျက် တစ်ပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။
30:12 မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကိုရောင်းလိုက်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့လက်ဖြင့် ပြည်နှင့်တကွ ပြည်၌ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရားပြောပြီ။
30:13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကိုလည်း ပယ်ဖြတ်မည်။ နောက်တစ်ဖန် အဲဂုတ္တုမင်းမျိုး မရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြုမည်။
30:14 ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။
30:15 အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့အပေါ်သို့ ငါသည် အမျက်ကိုသွန်းလောင်း၍၊ နောမြို့သား အလုံးအရင်းကို ပယ်ဖြတ်မည်။
30:16 အဲဂုတ္တုပြည်၌ မီးညှိ၍ သိန်မြို့သည် တုန်လှုပ်ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည် နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။
30:17 အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ဓားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
30:18 တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ဂုဏ်အသရေဆုံးသောအခါ နေ့အချိန်၌ အလင်းကွယ်လိမ့်မည်။ မိုးအုံ့၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။
30:19 ထိုသို့ အဲဂုတ္တုပြည်၌ ငါသည်အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
30:20 သက္ကရာဇ် တစ်ဆယ်တစ်ခု၊ ပထမလ ခုနစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
30:21 အချင်းလူသား၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေးကု၍ မထုပ်ရ။ ဓားကိုင်စေဖို့ ပကတိခွန်အားရှိစေခြင်းငှာ အဝတ်နှင့် မစည်းရ။
30:22 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းတစ်ဖက်၌နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသောလက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ ဓားကို သူ့လက်မှကျစေမည်။
30:23 အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားပြန့်လွင့်စေမည်။
30:24 ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ဓားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကိုခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ်ရလိမ့်မည်။
30:25 ဗာဗုလုန်ရှင်ဘုရင်၏လက်ရုံးတို့ကို ငါခိုင်မာစေမည်။ ဖာရောဘုရင်၏လက်မူကား၊ အောက်သို့ကျလိမ့်မည်။ ငါ့ဓားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုဓားနှင့်ခုတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်။
30:26 ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့၌ ငါကွဲပြားပျံ့လွင့်စေမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။