Ezekiel 32
32:1 သက္ကရာဇ် တစ်ဆယ်နှစ်ခု၊ ဒွါဒသမလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
32:2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည် လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ ဖြစ်၏။ အိုင်၌နေသော မိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့် ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။
32:3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့် သင့်ကိုအုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့်မည်။
32:4 ငါသည် သင့်ကို ကုန်းပေါ်မှာတင်၍ လွင်ပြင်၌ပစ်ထားမည်။ မိုးကောင်းကင်ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာကျွေးမည်။
32:5 သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။
32:6 သင်မှယိုသော အသွေးဖြင့် မြေကိုတောင်ထိပ်တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။
32:7 သင့်ကို ငါဆုံးစေသောအခါ မိုးကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကိုမိုးအုံ့စေ၍ လသည်လည်း အလင်းကို မပေးရ။
32:8 သင့်အထက်၊ မိုးကောင်းကင်၌ ထွန်းလင်းသောအလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင်မိုက်နှင့် ဖုံးလွှမ်းမည်။
32:9 သင်မသိဖူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြားစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။
32:10 အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ရှေ့မှာ ဓားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှုကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသောနေ့၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
32:11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ဓားသည် သင့်အပေါ်သို့ ရောက်လိမ့်မည်။
32:12 ခွန်အားကြီးသောသူ၊ ကြောက်မက်ဖွယ်သော လူမျိုးအပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲစေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သားအလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။
32:13 များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တစ်ဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ။
32:14 ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
32:15 ငါသည် အဲဂုတ္တုပြည်၌ ဥစ္စာရှိသမျှကို ကုန်စေခြင်းငှာ သုတ်သင်ပယ်ရှင်း၍၊ ပြည်သူပြည်သား အပေါင်းတို့ကို ဒဏ်ခတ်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
32:16 ဤရွေ့ကား၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း။ အမျိုးမျိုးသော သတို့သမီးတို့သည်လည်း မြည်တမ်း၍၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
32:17 သက္ကရာဇ် တစ်ဆယ်နှစ်ခု၊ ပထမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
32:18 အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်းအတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နေရာ မြေအောက်အရပ်သို့ တိုင်အောင်၊ ကျော်စောသောလူမျိုး သတို့သမီးတို့နှင့်တကွ နှိမ့်ချလျက် မြွက်ဆိုရမည်မှာ၊
32:19 သင်သည် သူတစ်ပါးထက်သာ၍ လှသလော။ အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့်အတူ ဆင်းသက်၍ နေရာကျလော့။
32:20 ဓားဘေး၌ အပ်သည်ဖြစ်၍၊ ဓားဖြင့်သေသော သူတို့နှင့်အတူ လဲ၍သေရသောကြောင့်၊ သူကိုယ်တိုင်မှစ၍ သူ၏ လူအလုံးအရင်း ရှိသမျှတို့ကို ဆွဲကြလော့။
32:21 ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏနိုင်ငံထဲက သူနှင့် သူ၏အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့်မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ဓားနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသောအဖြစ်၌ လဲနေလျက်ရှိကြ၏။
32:22 ထိုအရပ်၌ အာရှုရနှင့် သူ၏လူအလုံးအရင်းအပေါင်းလည်း ရှိကြ၏။ သူတို့သည် ဓားဖြင့်သေ၍ လဲနေလျက်၊ ပတ်လည်အရပ်ရပ်တို့၌ သူတို့သင်္ချိုင်းများရှိကြ၏။
32:23 ထိုသင်္ချိုင်းတို့သည် ဥမင်အတွင်းအနားမှာ စီးလျက်၊ မင်းသင်္ချိုင်း၌ ပတ်လည်ခြံရံလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူရှိသမျှတို့သည် ဓားဖြင့်သေ၍ လဲနေကြ၏။
32:24 ထိုအရပ်၌ ဧလံနှင့် သူ၏သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ဓားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ မြေအောက်အရပ်သို့ဆင်းသွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နှင့်အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျကြ၏။
32:25 မိမိအလုံးအရင်းနှင့်အိပ်၍ သူတို့ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ ဓားဖြင့်သေကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း၊ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူ နေရာကျကြ၏။
32:26 ထိုအရပ်၌ မိမိအလုံးအရင်း ရှိသမျှတို့နှင့်အတူ မေရှက်လည်းရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ဓားဖြင့် သေလျက်နေကြ၏။
32:27 သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့် အတူအိပ်၍ နေရကြလိမ့်မည် မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏နေရာ၌ လူကြီးတို့ကို ကြောက်စေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏနိုင်ငံထဲသို့ ဆင်းသွား၍၊ မိမိဓားကို မိမိခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့အပြစ် တည်လျက်ရှိကြ၏။
32:28 သင်သည်လည်း၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ်၌ ကျိုးပျက်၍၊ ဓားဖြင့်သေသော သူတို့နှင့်အတူ လဲလျက်နေရလိမ့်မည်။
32:29 ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ဓားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ၍၊ အရေဖျားလှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။
32:30 ထိုအရပ်၌ မြောက်ပြည်မင်း၊ ဇိဒုန်မင်းအပေါင်းတို့သည် ရှိကြ၏။ ကိုယ်တန်ခိုးကို ရှက်လျက်၊ ထိတ်လန့်လျက် သေသောသူတို့နှင့်အတူ ဆင်းသွားကြပြီ။ ဓားဖြင့်သေသော သူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ အိပ်ကြ၏။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အရှက်ကွဲလျက် နေကြ၏။
32:31 ဖာရောဘုရင်သည် ထိုလူများတို့ကိုမြင်၍၊ ဓားဖြင့်သေသော မိမိလူအလုံးအရင်းရှိသမျှတို့ကြောင့် ပူပန်သောစိတ်လျော့၍၊ ဖာရောဘုရင်နှင့် မိမိဗိုလ်ခြေအပေါင်းတို့သည် သက်သာကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
32:32 အသက်ရှင်သော သူတို့၏နေရာ၌ သူသည် သူတစ်ပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော်လည်း၊ ဖာရောဘုရင်နှင့် သူ၏လူအလုံးအရင်း ရှိသမျှတို့သည် ဓားဖြင့် သေသောသူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကို မခံသောလူတို့အလယ်၌ လဲ၍နေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။