Ezekiel 31
31:1 သက္ကရာဇ် တစ်ဆယ်တစ်ခု၊ တတိယလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
31:2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအားဟောပြောရမည်မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။
31:3 အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသောအကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနုန်အာရဇ်ပင်ဖြစ်၏။
31:4 မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲသောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တောပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။
31:5 ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသောကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။
31:6 မိုးကောင်းကင် ငှက်အပေါင်းတို့သည် အကိုင်းအခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်းတို့သည် အကိုင်းအခက်တို့ အောက်၌သာ ဖွားကြ၏။ ထိုအပင်၏အရိပ်၌ ကြီးမားသော လူမျိုးအပေါင်းတို့သည် နေကြ၏။
31:7 ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသောကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။
31:8 ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရှူးပင်နှင့် အာရမုန်ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့် မပြည့်စုံကြ။ ဘုရားသခင်၏ဥယျာဉ်တော်၌ သစ်ပင်တစ်ပင်မျှ ထိုအပင်ကဲ့သို့ အဆင်းမလှ။
31:9 ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူသည်တိုင်အောင် အခက်အလက် များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။
31:10 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီးမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသောကြောင့်၊
31:11 လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သောသူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။
31:12 ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ့ကိုခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တစ်ပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။
31:13 မိုးကောင်းကင်ငှက်နှင့် တောတိရစ္ဆာန်အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့အပေါ်မှာ နေရကြ၏။
31:14 အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တစ်ပင်မျှ အရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီးမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တစ်ပင်မျှ အရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ဆင်းတတ်သော လူသားတို့နှင့်အတူ သေခြင်းသို့လည်းကောင်း၊ မြေအောက်အရပ်သို့လည်းကောင်း ရောက်စေခြင်းငှာ ငါအပ်လေပြီ။
31:15 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ဆင်းသွားသောနေ့၌ နက်နဲသောအရပ်ကို သူ့အဖို့ မသာအဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွာသောရေကို ချုပ်ထား၏။ လေဗနုန်တောင်ကို သူ့အဖို့ မသာအဝတ်ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက်ကြ၏။
31:16 မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး၊ အမြတ်ဆုံးသော လေဗနုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။
31:17 ထိုသူနှင့်တကွ သူ့လက်ရုံးဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ဓားဖြင့် အသေခံရသော သူတို့နေရာ၊ မရဏနိုင်ငံထဲသို့ လိုက်သွားကြ၏။
31:18 သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင်သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်းကို မခံသောလူ၊ ဓားဖြင့်အသေခံရသော သူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည်ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။