Ezekiel 34
34:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
34:2 အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကို မကျွေးမွေးရသလော။
34:3 သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကိုဝတ်ကြ၏။ ဆူဖြိုးသောသိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။
34:4 အားနည်းသောသိုးကို မ မစကြ၊ နာသောသိုးတို့ကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ၊ သူတစ်ပါးနှင်သော သိုးကို လိုက်၍မဆောင်ခဲ့ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
34:5 ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာ ဖြစ်ကြ၏။
34:6 ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတစ်ပြင်လုံးတွင် အရပ်ရပ်သို့ ကွဲပြားပျံ့လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်မရှာကြ။
34:7 သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
34:8 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်းမျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ ခပ်သိမ်းသော တောသားရဲစားစရာ ဖြစ်သောကြောင့်၊
34:9 အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
34:10 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တစ်ဖက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နုတ်မည်။ သိုးထိန်းတို့သည် နောက်တစ်ဖန် ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပါးစပ်မှငါနုတ်၍ နောက်တစ်ဖန် မကိုက်မစားရကြ။
34:11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
34:12 ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ရှာမည်။ မိုးအုံ့၍ မိုက်သောနေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနုတ်ဆောင်မည်။
34:13 အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသောနေစရာအရပ်ရပ်တို့၌ ကျွေးမွေးမည်။
34:14 ကောင်းသော ကျက်စားရာအရပ်၌ ကျွေးမွေးမည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ခြံရှိလိမ့်မည်။ သူတို့သည် ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသော ကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
34:15 ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်း ငါပေးမည်။
34:16 ပျောက်သောသိုးကို ငါရှာမည်။ သူတစ်ပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကို မစမည်။ ဆူဖြိုး၍ အားရှိသောသိုးကိုကား၊ တရားအတိုင်းကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
34:17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကိုလည်းကောင်း ငါပိုင်းခြားမည်။
34:18 သင်တို့သည် ကောင်းသော ကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သောမြက်ပင်ကိုနင်းသော အမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သောရေကိုသောက်သည်သာမက၊ ကျန်သောရေကို ခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။
34:19 သင်တို့နင်းသော မြက်ပင်ကိုလည်းကောင်း၊ ခြေနှင့် နောက်စေသော ရေကိုလည်းကောင်း၊ ငါ့သိုးတို့သည် စားသောက်ရကြမည်လော။
34:20 သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံသောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
34:21 သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာ နံပါးနှင့်လည်းကောင်း၊ ပခုံးနှင့်လည်းကောင်းတိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
34:22 ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့သည် နောက်တစ်ဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန်အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
34:23 သိုးထိန်းတစ်ဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
34:24 ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်း ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရား ပြောပြီ။
34:25 သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌ အိပ်ပျော်ကြလိမ့်မည်။
34:26 သူတို့ကိုလည်းကောင်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကိုလည်းကောင်း ငါကောင်းချီးပေး၍၊ အချိန်တန်လျှင် မိုးကိုရွာစေသဖြင့်၊ ကောင်းချီးမိုးရေကျရလိမ့်မည်။
34:27 တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကို ပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်းသော သူတို့လက်မှ ကယ်နုတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
34:28 နောက်တစ်ဖန် တစ်ပါးအမျိုးသားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှ မကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
34:29 အသရေရှိသောဥယျာဉ်ကိုလည်း သူတို့အဖို့ ငါပြုစုမည်။ နောက်တစ်ဖန် ပြည်၌ အစာအာဟာရ ခေါင်းပါး၍၊ သူတို့သည် မွတ်သိပ်ခြင်းကို မခံရကြ။ တစ်ပါးအမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
34:30 သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူ ရှိကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသား တည်းဟူသော သူတို့သည် ငါ၏လူဖြစ်ကြောင်းကိုလည်းကောင်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
34:31 ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည် လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ဘုရားသခင် ဖြစ်သည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။