Ezekiel 35
35:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
35:2 အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
35:3 အို စိရတောင်၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
35:4 သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက် ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။
35:5 သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုးသားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရသောကာလအဆုံး၌၊ သူတို့အသက်ကို ဓားနှင့် သတ်သောကြောင့်၊
35:6 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည် သင့်ကိုလိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
35:7 ထိုသို့ စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။
35:8 သင်၏တောင်တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ ဓားဖြင့် အသေခံရသော သူတို့သည် ရှိကြလိမ့်မည်။
35:9 သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှ မနေရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
35:10 သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကို ငါတို့သည်သိမ်း၍ ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
35:11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် သူတို့ကိုရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည်နှင့်အညီ သင်၌ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။
35:12 သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာဖို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
35:13 ထိုသို့သင်သည် ငါ့တစ်ဖက်၌ဝါကြွား၍ ပြောမိသောစကားအလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။
35:14 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
35:15 ဣသရေလအမျိုးသားတို့ အမွေမြေပျက်စီးသည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက်စီး၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။