Ezekiel 39
39:1 သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတစ်ဖက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ ငါသည်သင့်တစ်ဖက်၌နေ၏။
39:2 သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက်မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
39:3 ထိုအခါ သင့်လက်ဝဲလက်မှ လေးကိုလည်းကောင်း၊ လက်ယာလက်မှ မြားတို့ကိုလည်းကောင်း၊ ငါရိုက်၍ကျစေမည်။
39:4 သင်နှင့် သင်၌ပါသော တပ်သားအပေါင်းတို့သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ ကိုက်စားစရာဖို့ ငါအပ်မည်။
39:5 သင်သည် လွင်ပြင်၌လဲ၍ သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
39:6 မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ်စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
39:7 ထိုသို့ ငါ၏နာမမြတ်ကို ငါ၏လူ ဣသရေလအမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တစ်ဖန် သူတို့သည် ငါ၏နာမမြတ်ကို မရှုတ်ချရကြ။ ငါသည် ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်းကို တစ်ပါးအမျိုးသားတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
39:8 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
39:9 ဣသရေလမြို့တို့၌နေသောသူတို့သည် ထွက်သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။
39:10 ထိုကာလတွင် ဥယျာဉ်၌ ထင်းမခွေ၊ တော၌မခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့်မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
39:11 ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသောသင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူအလုံးအရင်းရှိသမျှကို မြေ၌မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
39:12 ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှာ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြလိမ့်မည်။
39:13 ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
39:14 အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှာ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထားရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမကရှာဖွေကြစဉ်တွင်၊
39:15 လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေကောင်၏အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မီတိုင်အောင်၊ အရိုး၏အနားမှာ မှတ်တိုင်ကိုစိုက်ရကြမည်။
39:16 ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန်မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြလိမ့်မည်။
39:17 အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး၍လာကြလော့။ ဣသရေလတောင်တို့အပေါ်၌ သင်တို့အဖို့ ငါစီရင်သောယဇ်ပွဲကြီးသို့ အရပ်ရပ်တို့ကစည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှာ လာကြလော့။
39:18 သင်တို့သည် အားကြီးသောသူတို့၏အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေးသော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥသဘတို့၏ အသားအသွေးကို သောက်စားရကြလိမ့်မည်။
39:19 သင်တို့အဖို့ ငါစီရင်သောယဇ်ပွဲ၌ ဆီဥကို ဝစွာ စားရကြလိမ့်မည်။ အသွေးနှင့် ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။
39:20 ထိုသို့စားပွဲ၌ မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီးသောသူ၊ စစ်တိုက်သောသူအမျိုးမျိုးတို့ကို ဝစွာစားရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
39:21 ငါ့ဘုန်းကိုလည်း တစ်ပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တစ်ပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
39:22 ငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှစ၍ သိရကြလိမ့်မည်။
39:23 ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသောကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့အပ်သဖြင့်၊ ထိုသူအပေါင်းတို့သည် ဓားဖြင့်လဲ၍ သေရကြပြီ။
39:24 သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့အတိုင်း ငါသည်ပြု၍ မျက်နှာကိုလွှဲပြီ။
39:25 ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသောယာကုပ်အမျိုးကို ငါတစ်ဖန်ဆောင်ခဲ့၍၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဖို့အလိုငှာ စိတ်အားကြီးမည်။
39:26 သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
39:27 ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့အားဖြင့် များစွာသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ သူတို့သည် ကြောက်စေသောသူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဖူးသောအရှက်ကွဲခြင်းနှင့်၊ ငါ့အားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ရကြလိမ့်မည်။
39:28 ငါသည် သူတို့ကို တစ်ပါးအမျိုးသားတို့၏သိမ်းသွားခြင်းကို ခံစေသောကြောင့်လည်းကောင်း၊ နောက်တစ်ဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်လည်းကောင်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
39:29 ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသားအပေါ်သို့သွန်းလောင်းသောအခါ၊ သူတို့တွင် တစ်ယောက်ကိုမျှ နောက်တစ်ဖန် ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။