Ezekiel 38
38:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
38:2 အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
38:3 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ သင့်တစ်ဖက်၌ ငါနေ၏။
38:4 သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကိုဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ဓားကို လက်စွဲသောလူ အလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေအပေါင်းတို့ကို ငါဆောင်ခဲ့မည်။
38:5 အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊
38:6 ဂေါမာနှင့် သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များ အလုံးအရင်း အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။
38:7 သင်သည် မိမိ၌စုဝေးသော လူအလုံးအရင်းများနှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။
38:8 ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့် ရှိလိမ့်မည်။ ဓားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တစ်ဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နုတ်ဆောင်သောသူဖြစ်၍၊ တစ်ပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
38:9 သင်သည် မိုးသက်မုန်တိုင်းကဲ့သို့ တက်လာ၍၊ သင်၌ပါသမျှသော တပ်သားအလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုးအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။
38:10 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသောအကြံကို ကြံစည်လျက်၊
38:11 ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊
38:12 သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကိုလည်းကောင်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသော သူတို့ကိုလည်းကောင်းတိုက်မည်ဟု ကြံစည်လိမ့်မည်။
38:13 ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှာ လာသလော။ သူ့ဥစ္စာကိုဝေငှ၍ ရွှေငွေကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းကောင်း သိမ်းသွားလျက်၊ များစွာ လုယက်ဖျက်ဆီးခြင်းငှာ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။
38:14 သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဂေါဂအား ဆင့်ဆိုရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေသောအခါ သင်သည်သိ၍၊
38:15 မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီးသော စစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှချီလာမည်။
38:16 ပြည်ကို မိုးအုံ့သကဲ့သို့ ငါ၏လူ ဣသရေလအမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တစ်ဖက်၌ သင့်ကို ငါဆောင်ခဲ့မည် မဟုတ်လော။ အကြောင်းမူကား၊ အို ဂေါဂ၊ လူအမျိုးမျိုးတို့မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည် အကြောင်းတည်း။
38:17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည်ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ကျွန် ဣသရေလပရောဖက်တို့အား ငါသည် ဗျာဒိတ်ပေးသောအခါ၊ သင့်ကိုရည်မှတ်သည်မဟုတ်လော။
38:18 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် ဂေါဂသည် ဣသရေလပြည်ကို တိုက်လာသောကာလအခါ၊ ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။
38:19 အကယ်စင်စစ် ထိုအခါ ဣသရေလပြည်၌ ကြီးစွာသော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ။
38:20 ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ တောတိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အဇောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။
38:21 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တစ်ဖက်၌ ဓားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဓားနှင့် ခုတ်ကြလိမ့်မည်။
38:22 ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေးအားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့် သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသော မီးမိုးကိုရွာစေမည်။
38:23 ထိုသို့ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာသော လူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။