Ezekiel 4
4:1 တစ်ဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။
4:2 မြို့ကိုဝိုင်း၍ မြို့ပြင်၌ တပ်တည်လော့။ မြေရိုးကိုလည်း ဖို့လော့။ တပ်သားတို့ကိုလည်း ခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွဲထားလော့။
4:3 ထိုမှတစ်ပါး၊ သံပြားကိုယူ၍၊ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှာ ထောင်ပြီးလျှင်၊ မြို့တစ်ဖက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
4:4 ထိုမှတစ်ပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကိုခံရမည်။
4:5 အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကို သင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏အပြစ်ကို သင်သည်ခံရမည်။
4:6 ထိုနေ့ရက်စေ့ပြီးမှ၊ တစ်ဖန် လက်ယာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကိုငါထားပြီ။
4:7 သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တစ်ဖက်၌ ပရောဖက်ပြုရမည်။
4:8 ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှုကို ပြုရသောကာလမစေ့မီ၊ သင်သည် တစ်ဖက်မှတစ်ဖက်သို့ မစောင်းရ။
4:9 ထိုမှတစ်ပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတစ်လုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတစ်ဖက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကို မုန့်လုပ်၍ စားရမည်။
4:10 ထိုမုန့်ကို တစ်နေ့တစ်နေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍စားရမည်။
4:11 ရေကိုလည်း တစ်နေ့တစ်နေ့လျှင် တစ်ဗတ်စီခြင်၍သောက်ရမည်။
4:12 မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှာ၊ လူများရှေ့တွင် လူ၏မစင်နှင့် ဖုတ်ရမည်။
4:13 ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တစ်ပါးအမျိုးသားတို့နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4:14 ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံရှာဖွယ်သောအကောင်၏အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊
4:15 လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့် သင့်မုန့်ကိုဖုတ်ရမည်ဟု မိန့်တော်မူ၏။
4:16 တစ်ဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သောစိတ်နှင့် စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက်ရကြမည်။
4:17 မုန့်နှင့်ရေ ခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ်ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။