Ezekiel 5
5:1 တစ်ဖန်တုံ၊ အချင်းလူသား၊ ထက်သောဓားတည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့် မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့်ချိန်၍ အစုစုခွဲထားလော့။
5:2 မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ် သုံးစုတစ်စုကို မြို့ထဲမှာ မီးရှို့လော့။ တစ်စုကို ဓားနှင့် ခုတ်ဖြတ်လော့။ တစ်စုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
5:3 အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
5:4 ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
5:5 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ရှိသော တိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊
5:6 ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည် သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။
5:7 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ ဆန့်ကျင်သောကြောင့်လည်းကောင်း၊ ငါ၏ စီရင်ချက်လမ်းသို့မလိုက်၊ ငါ၏ပညတ်တရားကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့၏ ထုံးစံဓလေ့သို့ လိုက်သောကြောင့်လည်းကောင်း၊
5:8 ငါသည် ကိုယ်တိုင်သင့်တစ်ဖက်၌ နေ၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကို စီရင်မည်။
5:9 သင်ပြုဖူးသမျှသော ရွံရှာဖွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတ္တံ့သော အပြစ်ဒဏ်ကို သင်၌စီရင်မည်။
5:10 သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကို စားကြလိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်မည်။
5:11 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာဌာနကို သင်သည် ညစ်ညူးစေသောကြောင့်၊ ငါသည်လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။
5:12 သင်၏သုံးစုတို့တွင်၊ တစ်စုသည် နာဘေးဖြင့်သေ၍၊ သင်၏အလယ်၌ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရလိမ့်မည်။ တစ်စုသည် သင့်ပတ်လည်၌ ဓားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစ်စုကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်၍၊ သူ့နောက်သို့ ဓားကိုလွှတ်လိုက်မည်။
5:13 ထိုသို့ ငါ့အမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသအရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေလိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလိုကို ပြည့်စုံစေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။
5:14 ထိုမှတစ်ပါး၊ အနားမှာ လျှောက်သွားသမျှသောသူတို့ရှေ့တွင် သင့်ကို လူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာဖြစ်စေမည်။
5:15 ဒေါသအမျက်အရှိန်အားဖြင့် သင်၌ ပြင်းစွာသော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသော လူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရား မိန့်တော်မူ၏။
5:16 သင်တို့ကို ဖျက်ဆီးခြင်းငှာ မွတ်သိပ်ခြင်းဘေးတည်းဟူသောမြားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌လည်းကောင်း၊ သင်တို့တွင် မွတ်သိပ်ခြင်းဘေးကို တိုးပွားစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌လည်းကောင်း၊
5:17 သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်းဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ဓားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့သည် လွှမ်းမိုးသောအခါ၌လည်းကောင်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။