Ezekiel 42
42:1 ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တံတိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
42:2 ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တစ်ရာ၊ အနံ အတောင်ငါးဆယ်ရှိကြ၏။
42:3 အတောင်နှစ်ဆယ်ရှိသော အတွင်းတံတိုင်းရှေ့၊ ပြင်တံတိုင်း ကျောက်ခင်းရှေ့တွင် တစ်ဖက်တစ်ချက်၌ နံရံအခန်း သုံးဆင့်ရှိ၏။
42:4 ထိုအခန်းများရှေ့မှာ တစ်တောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံ ဆယ်တောင်ရှိသော စင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။
42:5 အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
42:6 အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတံတိုင်းကဲ့သို့ တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက် သာ၍ကျဉ်းကြ၏။
42:7 ထိုအခန်းများ တစ်ဖက်တစ်ချက်၊ ပြင်တံတိုင်းဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင်ငါးဆယ်ရှိ၏။
42:8 ပြင်တံတိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျား အတောင်ငါးဆယ်ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တစ်ရာ ရှိ၏။
42:9 ပြင်တံတိုင်းမှလာ၍၊ ထိုအခန်းများခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။
42:10 အိမ်တော်တောင်ဘက်၊ လွတ်လပ်သောအရပ်ကိုကာသော တံတိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
42:11 ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်းအလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။
42:12 တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်းတံခါးတို့နှင့် တူသည်ဖြစ်၍၊ တံတိုင်းတစ်ဖက်တစ်ချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတံခါးဝရှိ၏။
42:13 တိုင်းသောသူကလည်း၊ လွတ်လပ်သောအရပ်ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်းသောအခန်း၊ ထာဝရဘုရားထံတော်သို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများကို စားရသောအခန်း ဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့် အလွန်သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။
42:14 ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှုတော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တံတိုင်းသို့ မထွက်ရ။ ထိုအဝတ် သန့်ရှင်းသောကြောင့် ချွတ်ထား၍ အခြားသောအဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာသို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
42:15 အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
42:16 တိုင်းစရာကျူလုံးနှင့် အရှေ့မျက်နှာကိုတိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ၏။
42:17 မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
42:18 တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
42:19 အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
42:20 လေးမျက်နှာကိုတိုင်း၍ ပတ်လည်၌ရှိသော တံတိုင်းသည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသောအရပ်တို့ကို ပိုင်းခြားလျက်၊ အလျား အပြန်ငါးရာ၊ အနံလည်း အပြန်ငါးရာရှိ၏။