Ezekiel 43
43:1 ထိုနောက်မှ အရှေ့ဘက်သို့မျက်နှာပြုသော တံခါးဝသို့ တစ်ဖန်ခေါ်သွား၏။
43:2 ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာသကဲ့သို့ ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတစ်ပြင်လုံး လင်း၏။
43:3 ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှာ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဖူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။
43:4 ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။
43:5 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်းတံတိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တစ်အိမ်လုံးကို ဖြည့်တော်မူ၏။
43:6 အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြားသည်ကား၊
43:7 အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဖဝါး နင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့တွင် အစဉ်အမြဲ ငါ့နေရာအရပ် ဖြစ်၏။ ဣသရေလရှင်ဘုရင်များနှင့် အမျိုးသားများတို့သည် မှားယွင်းခြင်း အားဖြင့်လည်းကောင်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်လည်းကောင်း မြင့်ရာအရပ်တို့၌ ငါ၏နာမတော်မြတ်ကို နောက်တစ်ဖန် မရှုတ်ချရကြ။
43:8 သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာလည်းကောင်း၊ သူတို့တိုင်ကိုလည်း ငါ့တိုင်အနားမှာလည်းကောင်း တည်စိုက်လျက်၊ ငါနှင့် သူတို့စပ်ကြားမှာ နံရံတစ်ခုတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော်မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။
43:9 ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှားကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။
43:10 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှာ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့တိုင်းကြစေလော့။
43:11 သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာဝင်ရာ တံခါးဝများ၊ ကျင့်ရသမျှသောထုံးစံများ၊ စီရင်ထုံးဖွဲ့ချက် တရားအလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံများနှင့် စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို ကျင့်စောင့်စေခြင်းငှာ သူတို့ရှေ့မှာ ရေးထားလော့။
43:12 တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏တရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏တရားပေတည်း။
43:13 ယဇ်ပလ္လင်အတိုင်း အရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဖိနပ်အမြင့်တစ်တောင်၊ အကျယ်တစ်တောင်၊ ပတ်လည်အနားပတ် အကျယ်တစ်ထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
43:14 အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တစ်တောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီးသောအထစ်သည် လေးတောင်ကွာ၍ အကျယ်တစ်တောင် ရှိရမည်။
43:15 ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရမည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
43:16 ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တစ်ဆယ်နှစ်တောင်၊ အနံလည်း တစ်ဆယ်နှစ်တောင် ရှိရမည်။
43:17 အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တစ်ဆယ်လေးတောင်၊ အနံလည်း တစ်ဆယ်လေးတောင် ရှိရမည်။ အနားပတ်သည်လည်း အကျယ်တစ်ထွာရှိရမည်။ ဖိနပ်သည် ယဇ်ပလ္လင်ပတ်လည်၌ တစ်တောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာပြုရမည်။
43:18 တစ်ဖန် အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန်းဖို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူမူကား၊
43:19 အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သား ယဇ်ပုရောဟိတ်တို့အား အပြစ်ဖြေရာယဇ်ဖို့၊ ပျိုသောနွားထီးတစ်ကောင်ကို အပ်ရမည်။
43:20 နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသောအားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
43:21 အပြစ်ဖြေရာယဇ်ဖို့ နွားကောင်ကိုယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသောအရပ်၌ မီးရှို့ရမည်။
43:22 ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ်ကိုယူ၍၊ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ ယဇ်ပလ္လင်ကို နွားအသွေးနှင့် သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်းစေရမည်။
43:23 ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကို ထာဝရဘုရား ရှေ့တော်၌ ပူဇော်ရမည်။
43:24 ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဖို့ မီးရှို့၍ ပူဇော်ရမည်။
43:25 ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင်၊ ဆိတ်တစ်ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ်မရှိ၊ ပျိုသောနွားထီးတစ်ကောင်နှင့် သိုးထီးတစ်ကောင်ကိုလည်း ပူဇော်ရမည်။
43:26 ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်းစင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
43:27 ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌လည်းကောင်း၊ ထိုနေ့မှစ၍လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိတ်သဟာယယဇ်များကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။