Ezekiel 47
47:1 ထိုနောက်မှ အိမ်တော်တံခါးသို့ တစ်ဖန်ငါ့ကိုဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည် အိမ်တော်တံခါးခုံလက်ယာအောက်၊ ယဇ်ပလ္လင်တော် တောင်ဘက်မှ စီးသွားလေ၏။
47:2 တစ်ဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့မျက်နှာပြုသော ပြင်တံခါးလမ်းဝသို့ ရောက်သောအခါ၊ လက်ယာဘက်မှစီးသော ရေကိုငါမြင်၏။
47:3 ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တစ်တောင် စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မီလေ၏။
47:4 တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမီလေ၏။ တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကို မီလေ၏။
47:5 တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ် ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမီဘဲ ကူးရသောမြစ်ဖြစ်၏။
47:6 ထိုသူက၊ အချင်းလူသား၊ ဤအရာကို မြင်သည်မဟုတ်လောဟု ပြောပြီးမှ တစ်ဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
47:7 ပြန်စဉ်အခါ မြစ်နားနှစ်ဖက်၌ များစွာသော အပင်တို့ကို ငါမြင်၏။
47:8 ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကိုလျှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
47:9 အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါအမျိုးမျိုးတို့သည် ထိုမြစ်ရေ ရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှသောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။
47:10 အိုင်နားမှာ တံငါတို့သည်ရပ်၍၊ အင်္ဂေဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
47:11 ရွှံ့ဗွက်ရည်နှင့် ရွှံ့အိုင်ရေမူကား မချိုရ၊ အစဉ်ငန်ရလိမ့်မည်။
47:12 မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ အရွက်လည်း မညှိုးမနွမ်းရ။ အသီးလည်း မပြတ်ရ။ လတိုင်းအစဉ် နုသောအသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာဌာနထဲကထွက်သတည်း။ အသီးသည် စားစရာဖို့ဖြစ်၏။ အရွက်သည် အနာရောဂါငြိမ်းစရာဖို့ ဖြစ်သည်ဟု ငါ့အားပြောဆို၏။
47:13 အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအမွေခံရသော မြေအပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကိုယူရမည်။
47:14 ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေးရသောထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
47:15 မြေမြောက်ဘက်အပိုင်းအခြားသည် မဟာပင်လယ် တစ်ဖက်တစ်ချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့လိုက်လျက်၊
47:16 ဟာမတ်မြို့နှင့် ဗေရောသာမြို့ကိုလည်းကောင်း၊ ဒမာသက်နယ်နှင့် ဟာမတ်နယ်စပ်ကြားမှာ သိဗရိမ်မြို့ကိုလည်းကောင်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကိုလည်းကောင်းဝိုင်း၍၊
47:17 တစ်ဖန် ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ်အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်းအခြားဖြစ်သတည်း။
47:18 အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ယော်ဒန်မြစ်နား ဣသရေလပြည်နယ်ကို လျှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
47:19 တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြား ဖြစ်သတည်း။
47:20 အနောက်ဘက်၌ မဟာပင်လယ်သည် တောင်ဘက်မှစ၍၊ ဟာမတ်မြို့ တစ်ဖက်တစ်ချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤရွေ့ကား၊ အနောက်ဘက် အပိုင်းအခြားဖြစ်သတည်း။
47:21 ထိုမြေကို ဣသရေလအမျိုး အသီးအသီးတို့အားဝေရမည်။
47:22 အမျိုးသားချင်း အမွေခံဖို့လည်းကောင်း၊ သင်တို့တွင်နေ၍ သားသမီးဖွားမြင်သော တစ်ပါးအမျိုးသားချင်း အမွေခံဖို့လည်းကောင်း စာရေးတံချ၍ မြေကိုဝေရမည်။ ထိုတစ်ပါးအမျိုးသားတို့ကို ပြည်၌ဖွားမြင်သော ဣသရေလအမျိုးသားကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် အတူ မြေကို အမွေခံရကြလိမ့်မည်။
47:23 တစ်ပါးအမျိုးသားနေလေရာရာခရိုင်၌ သူ့အမွေခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။