Ezekiel 46
46:1 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတံတိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
46:2 မင်းသားသည် ထိုတံခါးမုခ်ဖြင့်ဝင်၍ တံခါးတိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍၊ သူသည် တံခါးခုံ၌ ဦးညွှတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။ သို့ရာတွင်၊ ညဥ့်ဦးယံမရောက်မီ ထိုတံခါးကို မပိတ်ရ။
46:3 ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရားရှေ့တော်တွင် ဦးညွှတ်ချရကြမည်။
46:4 ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတစ်ကောင်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။
46:5 ဘောဇဉ်ပူဇော်သကာဖို့ သိုးထီးတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကိုလည်းကောင်း၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း ပူဇော်ရမည်။
46:6 လဆန်းနေ့၌ အပြစ်မပါသော နွားထီးတစ်ကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။
46:7 ဘောဇဉ်ပူဇော်သကာဖို့ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။
46:8 မင်းသားဝင်သောအခါ အရှေ့တံခါးမုခ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုခ်ဖြင့်လည်း ထွက်ရမည်။
46:9 ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွှတ်ချခြင်းငှာ မြောက်တံခါးဖြင့် ဝင်သောသူသည် တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက်တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါး တစ်ဖက်တစ်ချက်၌ရှိသော တံခါးဖြင့်ထွက်ရမည်။
46:10 ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။
46:11 ပွဲခံ၍ ပရိသတ်စည်းဝေးရာကာလ၌ ဘောဇဉ်ပူဇော်သကာဖို့၊ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။
46:12 မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရားအား ပူဇော်သကာ ပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည် ဥပုသ်နေ့၌မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
46:13 နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ဖို့ အပြစ်မပါ၊ အခါလည် သော သိုးသငယ်တစ်ကောင်ကို နံနက်အချိန်၌ ပူဇော်ရမည်။
46:14 နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သကာဖို့ မုန့်ညက်တစ်ဧဖာတွင် ခြောက်စုတစ်စု ကိုလည်းကောင်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃကိုလည်းကောင်း ပူဇော်ရမည်။ ဤရွေ့ကား၊ထာဝရဘုရားအား အစဉ်အမြဲပြုရသော ဘောဇဉ်ပူဇော်သကာ တရားပေတည်း။
46:15 ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဖို့ သိုးသငယ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့် ဆီကိုလည်းကောင်း ပြင်ဆင်ရမည်။
46:16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစ်စုံတစ်ခုကိုပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည်အမွေခံလျက် သိမ်းယူရမည်။
46:17 မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစ်စုံတစ်ခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲအမွေခံရမည်။
46:18 ထိုမှတစ်ပါး၊ မင်းသားသည် ပြည်သားအမွေမြေကို အနိုင်အထက်ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲက မိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့သည် မိမိတို့ပိုင်သော အမွေမြေ၌မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာ မပြုရ။
46:19 ထိုနောက်မှ တံခါးအနား၌ရှိသောဝင်ဝဖြင့် ငါ့ကိုဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ် သန့်ရှင်းသော အခန်းများထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တစ်ခုကို ငါမြင်၏။
46:20 ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘောဇဉ်ပူဇော်သကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်းစေခြင်းငှာ၊ ထိုအရာတို့ကို ပြင်တံတိုင်းထဲသို့ မထုတ်ရကြဟု ငါ့အားပြောဆို၏။
46:21 တစ်ဖန် ပြင်တံတိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တံတိုင်းထောင့် လေးထောင့်တို့ကို လျှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တံတိုင်းငယ် တစ်ခုစီရှိသည်ကို ငါမြင်၏။
46:22 ထိုတံတိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင် သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
46:23 ထိုလေးထောင့်တို့ အတွင်းပတ်လည်၌ ချက်ပြုတ်စရာဖို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
46:24 ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သောယဇ်ကောင်တို့ကို ပြုတ်ရသောအရပ်ဖြစ်ကြသည်ဟု ငါ့အားပြောဆို၏။