Ezekiel 9
9:1 ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
9:2 ထိုအခါ လူခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တစ်ယောက်သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။
9:3 ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကျိန်းဝပ်ရာခေရုဗိမ်မှ အိမ်တော်တံခါးခုံသို့ တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မင်အိုးပါသောသူကိုခေါ်၍၊
9:4 ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကိုထိုးမှတ်လော့ ဟူ၍လည်းကောင်း၊
9:5 အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။
9:6 အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
9:7 တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍၊ ကွပ်မျက်သောသူ အသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။
9:8 ထိုသို့ သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါနေရစ်စဉ်တွင် ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့အပေါ်သို့ အမျက်တော်ကိုသွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍ လျှောက်လေ၏။
9:9 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အပြစ်သည် အလွန်တရာကြီး၏၊ တစ်ပြည်လုံးသည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က၊ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
9:10 ထိုကြောင့်၊ ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။
9:11 ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါသောသူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။