Ezekiel 8
8:1 သက္ကရာဇ်ခြောက်ခု၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ်အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့သည် ငါရှေ့မှာထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။
8:2 ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဌာန်သည် ထင်ရှား၏။ ခါးသဏ္ဌာန်မှသည် အောက်ပိုင်း၌ မီးအရောင်ကဲ့သို့လည်းကောင်း၊ အထက်ပိုင်း၌ ဟရှမေလရွှေအရောင်ကဲ့သို့လည်းကောင်း ထင်ရှား၏။
8:3 လက်သဏ္ဌာန်ကိုဆန့်၍ ငါ၏ဆံပင်တစ်စုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကို မြေနှင့်မိုးကောင်းကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့ မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။
8:4 လွင်ပြင်၌ အရင်ငါမြင်ဖူးသော ဗျာဒိတ်ရူပါရုံကဲ့သို့၊ ဣသရေလအမျိုး၏ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။
8:5 အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့်လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌အမျက်တော်ကို နှိုးဆော်သောရုပ်တုရှိ၏။
8:6 တစ်ဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှာ သူတို့ပြုကြသောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို မြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
8:7 တံတိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါကြည့်ရှုသောအခါ၊ တံတိုင်းရိုး၌ အပေါက်ကို မြင်လေ၏။
8:8 တစ်ဖန်တုံ အချင်းလူသား၊ တံတိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။
8:9 ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံရှာဖွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊
8:10 ငါသည် ဝင်၍ကြည့်ရှုသောအခါ၊ တံတိုင်းရိုး အတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍ ရွံရှာဖွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
8:11 သူတို့ရှေ့မှာ ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသားရှာဖန်သည် သူတို့အလယ်၌ရပ်၍၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကိုကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက်လေ၏။
8:12 တစ်ဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသောအခန်းတို့၌ ပြုသောအမှုကို မြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
8:13 တစ်ဖန် လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
8:14 ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဖို့ ငိုကြွေးလျက် ထိုင်ကြ၏။
8:15 အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
8:16 ထာဝရဘုရား၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့ မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏။
8:17 တစ်ဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီလော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို ပြုသောအပြစ် ပေါ့သလော။ သူတို့သည် အဓမ္မမှုဖြင့် တစ်ပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ကိုင်ကြ၏။
8:18 ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကိုလွှတ်လိုက်မည်။ သူတို့သည် ကျယ်သောအသံနှင့် အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။