Daniel 10
10:1 ပေရသိရှင်ဘုရင်ကုရု နန်းစံသုံးနှစ်တွင်၊ ဗေလတရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ်တော်ကို ခံရ၏။ ထိုဗျာဒိတ်တော်စကား မှန်ပေ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကိုနားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
10:2 ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တစ်ရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
10:3 အရက်နှစ်ဆယ်တစ်ရက် မစေ့မီ မြိန်သောမုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။
10:4 ပထမလ နှစ်ဆယ်လေးရက်နေ့၌ ငါသည် ဟိဒကေလ မြစ်ကြီးအနားမှာရှိစဉ်၊
10:5 မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတစ်ဦးကိုမြင်၏။
10:6 သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသော လူစုအသံနှင့် တူ၏။
10:7 ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတစ်ယောက်တည်း မြင်ရ၏။ ငါနှင့်အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပုန်းရှောင်၍ နေခြင်းငှာ ပြေးကြ၏။
10:8 ငါမူကား၊ တစ်ယောက်တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌ အစွမ်းသတ္တိ အလျှင်းမရှိ ဖြစ်လေ၏။
10:9 သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။
10:10 ထိုအခါ လက်တစ်ဖက်သည် ငါ့ကိုကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
10:11 သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏။
10:12 ထိုအခါ သူကလည်း၊ အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှာလည်းကောင်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှာလည်းကောင်း၊ စိတ်ပြဌာန်းသော ပထမနေ့မှစ၍ သင်၏စကားကို ကြားတော်မူပြီ။ ထိုစကားကြောင့်လည်း ငါရောက်လာပြီ။
10:13 ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက်နှစ်ဆယ်တစ်ရက်ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ ဆိုင်းလင့်၍ နေရ၏။
10:14 ယခုမူကား၊ နောင်ကာလတွင် သင်၏အမျိုးသားချင်းတို့၌ ဖြစ်လတ္တံ့သော အမှုအရာတို့ကို သင်သည် နားလည်စေခြင်းငှာ ငါရောက်လာပြီ။ ဤဗျာဒိတ်ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အားပြောဆို၏။
10:15 ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွှတ်ပျပ်ဝပ်၍ စကားမပြောနိုင်ဘဲ နေ၏။
10:16 ထိုအခါ လူသား၏သဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည် နှုတ်ကိုဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
10:17 ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ်ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသောသူအားငါလျှောက်၏။
10:18 နောက်တစ်ဖန် လူသဏ္ဌာန်ရှိသောသူသည်လာ၍ ငါ့ကို လက်နှင့်တို့လျက် အားပေးပြီးလျှင်၊
10:19 အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကိုငါရ၍၊ အကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကိုခွန်အားပေးတော်မူပြီဟု လျှောက်၏။
10:20 ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှာ ယခု ငါပြန်သွားရမည်။ ငါသွားပြီးသည်နောက်၊ တစ်ဖန်ဟေလသမင်းသည် ပေါ်လာလိမ့်မည်။
10:21 သို့ရာတွင် သမ္မာကျမ်းစာ၌မှတ်သားသော အမူအရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်းမိက္ခေလမှတစ်ပါး ငါ့ဘက်မှာနေသောသူ မရှိ။