Daniel 9
9:1 ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန်စေမည်ဟု၊
9:2 ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက်ယေရမိ ခံဖူးသည်ဖြစ်၍၊ ခါလဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိ နန်းစံပထမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့်၊
9:3 အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့် လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပတ္ထနာ ပြု၏။
9:4 ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသောပတ္ထနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
9:5 အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
9:6 အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏အခွင့် နှင့် ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။
9:7 အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင်တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ်ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
9:8 အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
9:9 အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း၊ အကျွန်ုပ်တို့အရှင် ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
9:10 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော်မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှာ၊ ဗျာဒိတ်တော်အသံကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။
9:11 အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ကျိန်ဆိုတော်မူခြင်းတည်းဟူသော ဘုရားသခင်၏ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသောအကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။
9:12 အကျွန်ုပ်တို့တစ်ဖက်၊ အကျွန်ုပ်တို့ကိုအုပ်သော တရားသူကြီးတို့ တစ်ဖက်၌ မိန့်တော်မူသော စကားတော်ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသောဘေးဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
9:13 မောရှေ၏ပညတ္တိကျမ်းစာ၌ မှတ်သားသည်အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှာ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
9:14 ထိုကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကိုစောင့်၍၊ အကျွန်ုပ်တို့အပေါ်သို့ရောက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီတကား။
9:15 တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏လူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်၍ ယနေ့၌ရှိသည်အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့် ပြုမိပါပြီ။
9:16 အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရားတော်ရှိသမျှတို့နှင့် အညီ၊ သန့်ရှင်းသော တောင်တော်တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာသော ဒေါသအမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ်များမှစ၍ ဘိုးဘေးတို့၏အပြစ်များကြောင့်၊ ယေရုရှလင်မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။
9:17 ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ်တော်၏ကျွန်ပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။
9:18 အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကိုလည်းကောင်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပတ္ထနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
9:19 အို ဘုရားရှင်၊ နားထောင်တော်မူပါ။ အို ဘုရားရှင်၊ အပြစ်ကိုလွှတ်တော်မူပါ။ အို ဘုရားရှင်၊ နားထောင်၍ ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပတ္ထနာပြု၏။
9:20 ထိုသို့ ဆုတောင်းပတ္ထနာပြု၍၊ ကိုယ်အပြစ်ကိုလည်းကောင်း၊ အမျိုးသားချင်း ဣသရေလလူတို့၏အပြစ်ကိုလည်းကောင်း ဖော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသောတောင်တော်အဖို့ ငါပြုသောပတ္ထနာစကားကို၊ ငါ၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဆက်ကပ်လျက်နေ၍၊
9:21 ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ထင်ရှားသောသူ၊ ဂါဗြေလသည် လျင်မြန်စွာပျံ၍ လာသဖြင့် ညဥ့်ဦးယံပူဇော်ချိန်၌ ငါရှိရာသို့ ရောက်၍၊
9:22 နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင်၌ ဉာဏ်ပညာ တိုးပွားစေမည်အကြောင်း ထွက်လာပြီ။
9:23 သင်သည် ဆုတောင်းစပြုသောအခါ အမိန့်တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှာ ငါရောက်လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏။
9:24 လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာလည်းကောင်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှာလည်းကောင်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှာလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။
9:25 ထိုကြောင့်၊ ယေရုရှလင်မြို့ကို တစ်ဖန် တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အယှက် ခံရသောကာလ၌ မြို့လမ်းကို တစ်ဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
9:26 ထိုသီတင်း ခြောက်ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော် သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏လူတို့သည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
9:27 တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဖွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။